နေပြည်တော် ဖေဖော်ဝါရီ ၂၅
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ ကျူးလွန်လျက်ရှိကြရာ ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတား တစ်စင်းဖြစ်သော သံလွင်တံတား (ဖားဆောင်း) အား အကြမ်းဖက်သမားများက ယနေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ၍ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တပ်မတော် စစ်ကြောင်းများက KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသ တစ်ဝိုက်အား လိုအပ်သည့်နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်စစ်ကြောင်းများ ၎င်းတို့၏နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်း တိုက်ခိုက်ခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း) အား ဖေဖော်ဝါရီ ၁၇ ရက်တွင် လည်းကောင်း၊ ပွန်ချောင်းတံတားအား ဖေဖော်ဝါရီ ၂၀ ရက် တွင်လည်းကောင်း ဆင်ခြင်တုံတရားမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် လည်း KNPP ၊ KNDFအဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ကယားပြည်နယ် ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ ဆက်သွယ်ထားသော ပြည်သူလူထု၏လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် သံလွင်တံတား (ဖားဆောင်း) အား ဒုတိယအကြိမ် ထပ်မံမိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ အနောက်ဘက် ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် P-5 နှင့် P-7 တို့ အကြားတွင် အရှည်ပေ ၃၀၀၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
သံလွင်တံတား (ဖားဆောင်း) သည် ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတား တစ်စင်းဖြစ်ပြီး တံတားအရှည် ပေ ၁၂၆၀၊ တံတားအကျယ် ၂၄ ပေ၊ လူသွားလမ်း ဘယ်/ ညာ သုံးပေစီရှိပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်အသုံးပြုခဲ့သော တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ အမြော်အမြင်မဲ့စွာ ဆင်ခြင်မှုမရှိသော ဖျက်လိုဖျက်ဆီး လုပ်ရပ်များကြောင့် ယခုအခါ မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိပြီး ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှု၍ ယုတ်မာရိုင်းစိုင်းစွာဖြင့် အများပြည်သူ အဓိကသွားလာရာနှင့် ကုန်စည်များ စီးဆင်းရာတွင် အဓိကအားထား အသုံးပြုနေသော စစ်ရေးပစ်မှတ်မဟုတ်သည့် သံလွင်တံတား (ဖားဆောင်း) အား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာနစ်နာဆုံးရှုံးခဲ့ရသည်။
ယခုကဲ့သို့ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်း ဖက်လုပ်ရပ်ဖြစ်သော သံလွင်တံတား (ဖားဆောင်း) အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက နိုင်ငံ တစ်ဝန်းရှိ ပြည်သူများကပါ ရွံရှာမုန်းတီးစွာ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချလျက်ရှိသည်။ တံတားပျက်စီးမှုကို သက်ဆိုင်ရာလမ်း/ တံတား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


