လွိုင်ကော် ၁၃ သြဂုတ်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု ကဏ္ဍများ၊ တိုင်းရင်းသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဓလေ့ထုံးတမ်းများ ပြုစုပျိုးထောင်ပေးခြင်းစသည့် ကဏ္ဍများအား အထူးအလေးပေး၍ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ရည်ရွယ်ချက် (၃)ချက်ဖြစ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကဏ္ဍတွင် အားနည်း ချက်၊ အားသာချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်းအပြင် ကော်မတီများအနေနှင့် မိမိတို့ကော်မတီအလိုက် အားသာချက် အားနည်းချက်များကို သုံးသပ်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ သြဂုတ်လ ၁၃ ရက်နေ့ နံနက် (၉) နာရီက ကယားပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနရုံး၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကော်မတီအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းမှ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ(၁၁)ဖွဲ့အတွက် တစ်ဖွဲ့လျှင် မတည်ရန်ပုံငွေကျပ် (၅) သိန်းနှုန်းစီဖြင့် စုစုပေါင်းငွေကျပ် (၅၅)သိန်းအား မတည်ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများက လက်ခံခဲ့ကြပြီး တိုင်းရင်းသားများကိုယ်စား ကယားတိုင်းရင်းသား စာပေယဉ်ကျေးနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးမိုးဇက်အောင်လေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ မိမိတို့၏ စာပေကိစ္စများနှင့်ပတ်သက်၍ တင်ပြခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများက ရှေ့လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်းများအား သက်ဆိုင်ရာဌာနများနှင့် အတူ ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ကိုစိုင်း (လွိုင်ကော်)


