လွိုင်ကော် ၃၁ အောက်တိုဘာ
ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်စည်းလုံးရေး၊ ရိုင်းပင်းကူညီရေးနှင့် စာပေ၊ ယဉ်ကျေးမှုကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ စုပေါင်းရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(ခ) ရပ်ကွက်၊ ဦးနီလမ်းရှိ အဆိုပါအဆောက်အုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ စုပေါင်းရုံးကို လွိုင်ကော် ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် စတီဖင်းတျေးဖဲ၊ လွိုင်ကော်နှစ်ခြင်း အသင်းတော်သင်းအုပ်ဆရာတော် ဦးစောလားဘွယ်နေမှူး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံးအဆောက်အအုံ ဆိုင်းဘုတ်ကို ကယားပြည်နယ်ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ တိုင်းရင်းသူတိုင်းရင်းသား များက ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီများ စုပေါင်းရုံးနှင့်သက်ဆိုင်သော အချက်အလက်များကို 100 Percent J ကုမ္ပဏီက ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် စုပေါင်းရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ပါဝင်ကူညီဆောင်ရွက်ခဲ့သူများအား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများက ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ နှင့် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ(၁၁)ဖွဲ့အတွက် (၁)ဖွဲ့လျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၅)သိန်းအား သက်ဆိုင်ရာ တိုင်းရင်းသားကော်မတီများမှ ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါအဆောက်အအုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၁၇၈ ဒသမ ၂ သန်းဖြင့် 100 percent J ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်သား


