လွိုင်ကော် သြဂုတ် ၂၈
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ဖွင့်လှစ်ထားရှိမှု၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ရွှေတောင် ပရိယတ္တိစာသင်တိုက်တို့၌ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှုတိုးပွားလာစေရန် ရည်ရွယ်၍ လွိုင်ကော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံးသို့ သွားရောက်ကာ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ယခင်ဌာနဆိုင်ရာရုံးများ ပိတ်ထားခဲ့ရာမှ ယခုအခါ ပြည်သူများ၏ လိုအပ်သည့်ကိစ္စရပ်များကို တစ်နေရာတည်း ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများနှင့် ဌာနဆိုင်ရာများ ဆက်သွယ်ရာတွင် လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ပြည်သူ့ဝန်ဆောင်မှုရုံးကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဌာနဆိုင်ရာများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း လာရောက်စုံစမ်းသည့် ပြည်သူများအားသေချာ ရှင်းလင်းညွှန်ပြပေးရန်၊ ကူညီဆောင်ရွက်ပေးရန် လိုအပ်သော လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် ရုံးအတွင်းဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်(၃)က နိုင်(၆)ကများ ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူထုတ်ပေးခြင်း၊ မွေးဖွားမှုသေဆုံးမှု ဆောင်ရွက်ပေးခြင်း၊ မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပုံစံ(၁၀၅)၊ (၁၀၆)ရေးကူးခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) လျှောက်ထားခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများထုတ်ပေးခြင်း၊ ရဲအရေးပိုင်သောအမှုများ လက်ခံပြီး အမှုဖွင့်လှစ်နိုင်ရေး ရဲစခန်းသို့ လမ်းညွှန်ဆောင်ရွက်ပေးခြင်းအပါအဝင် ဌာန(၁၁)ခုမှ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်ချက်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ရုံးအတွင်း ဖွင့်လှစ်ထားသည့် ဌာနများအပြင် လိုအပ်ပါက အခြားဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး အားပေးစကားပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ရွှေတောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အကြမ်းဖက် သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်ကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်သံဃနာယက ရုံးအဖွဲ့ အဆောက်အဦ၊ အောင်မြင်ဓမ္မာရုံနှင့် စာသင်ဆောင်များ၊ သာသနရံသိ ကျောင်းဆောင်၊ ရွှေရတုကျောင်းဆောင်နှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်တိုက်များရှိ စာသင်သံဃာတော်များ ပြန်လည်သီတင်းသုံးနိုင်ရေးအတွက် အမြန်ဆုံးပြီးစီးဆောင် ပြုပြင်မွမ်းမံ ဆောင်ရွက်နိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


