ဒီးမော့ဆို ၁၄ စက်တင်ဘာ    


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်သည် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ၌ အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး တောင်သူများ စိုက်ပျိုးရေးကဏ္ဍများ၌ လိုအပ်ချက်များ၊ အခက်အခဲများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ဒီးမော့ဆိုမြို့နယ် (၅)မြောင်းဆုံ၌ ကျင်းပရာ ဒေသခံတောင်သူ ၂၀ဝ၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ကက်သလစ်ဆရာတော် စတီဗင်းထျေးဖဲက ဆုမွန်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ၎င်းမှတစ်ဆင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် စိုက်ပျိုးသည့် သီးနှံများသည် ၎င်းလမ်းကြောင်းမှတဆင့် တင်ပို့ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ဆည်မြောင်းများကိုလည်း အဆင့်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ရန်ပုံငွေကိုလည်း ယခင်နှစ်များထက် ပိုမိုလျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ရေထွက်အရင်းအမြစ် အနီးတစ်ဝိုက်တွင် သစ်ပင်များ ခုတ်လှဲမှုမရှိရေး တောင်းဆိုလိုကြောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရေထွက်များကို ထိန်းသိမ်းကြစေလိုကြောင်း၊ သို့မှသာ စိုက်ပျိုးရေးကဏ္ဍ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ သေးဆူလဲ၊ အိုကေ၊ ဒီးမော့ဆို၊ ဆောင်ဒူရွာသစ်၊ ငွေတောင်နှင့် စံပြ(၆)မိုင် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စသော လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိုင်းလုံးမှ စည်းလင်းအထိ လယ်ယာကုန်ထုတ်လမ်းမကြီး တစ်လျှောက် သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် အမှိုက်ပုံးကြီး (၄)ပုံး၊ ဒေါကမီးကျေးရွာ ပရဟိတအသင်းနှင့် ဆီးလီဒုံးကျေးရွာ အမှိုက်သိမ်း တွန်းလှည်းကြီး ပြင်ဆင်ရန်အတွက် ငွေကျပ်(၁၀)သိန်းနှင့် အမှိုက်ပုံးကြီး (၄)ပုံး၊ သေးဆူလဲကျေးရွာ ဘင်ခရာအဖွဲ့နှင့် တနန်းဥကွိုင်ကျေးရွာ ဘင်ခရာအဖွဲ့ နှစ်ဖွဲ့အတွက် တစ်ဖွဲ့လျှင် ငွေကျပ် တစ်သိန်း၊ ဆုတောင်းပွဲပြင်ဆင်သည့် လူငယ်အဖွဲ့အတွက် ငွေကျပ်တစ်သိန်းခွဲ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော လုပ်ငန်းများနှင့် တောင်သူများ တင်ပြထားသော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်းမှာကြားခဲ့ကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)