လွိုင်ကော်  ၂၅   ဇူလိုင်

 

ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထ()နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ နံနက် နာရီက ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများမှာ တစ်နေ့ထက်တစ်နေ့ ကောင်းမွန်လာတာတွေ့ရကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စတုတ္ထ()နှစ်တာ ကာလအတွင်း ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကယား ပြည်နယ်၏ ဘက်စုံစွမ်းဆောင်ရည်ဆုရရှိမှု အခြေအနေ၊ အားကစားအခန်းကဏ္ဍ ဆုရရှိမှုအခြေအနေ၊ တိုင်းရင်သားစာပေ ယဉ်ကျေးမှုတို့၏ ဆောင်ရွက်ထားရှိမှုအခန်းကဏ္ဍများ၊ အုပ်ချုပ်ရေးကဏ္ဍများ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ ရေရရှိရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ပြည်သူ့အတွက် စတုတ္ထ()နှစ်တာကာလအတွင်း ကြိုးပမ်းဆောင်ရွက်ချက်များအဖြစ် အများပြည်သူ ထံ တင်ပြခွင့်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က ကယားပြည်နယ်၏ အားသာချက်များမှာ သဘာဝအရင်းအမြစ်ကောင်းများ များပြားခြင်း၊ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ တည်ရှိခြင်းတို့ဖြစ်ပြီး အားနည်းချက်အနေဖြင့် ကုန်းတွင်းတစ်ဖက်ပိတ် ပြည်နယ်ဖြစ်နေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်သော်လည်း တစ်ဖက်ပိတ်ပြည်နယ်မှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပွင့်အောင် MOU ထိုးနိုင်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုလို အသီးအပွင့်များခံစားရကြောင်း၊ ပြည်နယ်သားတွေ၏ လူမှုစီးပွားတိုးတက်ဖို့အတွက် တစ်ဖက်ပိတ်ပြည်နယ်ကို လမ်းပွင့်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ မိမိတို့အစိုးရ၊ ဌာနဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ကြိုးပမ်းဖော်ဆောင်မှုအချက်တစ်ခုဟု မှတ်ယူရမည်ဖြစ် ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကြီးကို တရားဝင်ဖြစ်အောင် မူဝါဒများနှင့်အညီ ကြိုးပမ်းနိုင်ခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ကုန်သွယ်ရေးစခန်းအနေနှင့် ရပ်မနေဘဲ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဟောင်ဆောင်မြို့နှင့် လွိုင်ကော်မြို့တို့ကို ညီအစ်မမြို့တော်အဖြစ် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန်အတွက် ကယားပြည်နယ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ပြုလုပ်ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ဘီပီ(၁၃)လမ်းကြောင်းမှတစ်ဆင့် လွိုင်ကော်အထိ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိမှု အခြေအနေများကို တွေ့မြင်နိုင်ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကဏ္ဍများကို အကျဉ်းမျှတင်ပြခြင်းဖြစ်ပြီး အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မေးမြန်းလိုသည်များရှိပါက မီဒီယာများမှ မေးမြန်းနိုင်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ထို့နောက် သတင်းမီဒီယာများမှ ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ မေးမြန်းရာ ပြည်နယ် ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအသီးသီးမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။                                                                                                                        

(ပြည်နယ် ပြန်/ဆက်)