လွိုင်ကော် မတ် ၃
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း ရုံအမှတ်(၃)၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ပေးအပ်
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး နွေရာသီအခြေခံ အားကစားသင်တန်းအတွက် အားကစားလေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းများကို သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ ပေးအပ်သည်။
ထို့နောက် ဘင်ခရာတပ်ဖွဲ့က ဂုဏ်ပြုသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေ၍ တိုက်ကွမ်ဒိုအားကစားအဖွဲ့က သရုပ်ပြသကြရာ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖျော်ဖြေပေးသည့် အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယမန်နေ့ကလည်း ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကယားပြည်နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီ)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင်၊ အလှူရှင်ပြည်သူများ တက်ရောက်၍ စေတနာသဒ္ဓါတရား ထက်သန်စွာလောင်းလှူကြသည်။
လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ အလှူရှင်ပြည်သူများက ဘုန်းတော်ကြီးကျောင်း ၉၅ ကျောင်း နှင့် သီလရှင်ကျောင်း သုံးကျောင်းမှ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း ၈၉၄ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


