လွိုင်ကော်   ၂၀   မေ

 

ကယားပြည်နယ်အတွင်းရှိ ကျောက်ကပ်ဝေဒနာရှင်များ ကျောက်ကပ်ကုသနိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ကျောက်ကပ်သန့်စင်စက် (၂)လုံး ဝယ်ယူနိုင်ရန် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ ညနေ ၄ နာရီက ထောက်ပံ့ငွများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က  လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးအတွင်း ကျောက်ကပ်သန့်စင်စက် (၂)လုံး ဝယ်ယူနိုင်ရန် ပြည်နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာမြတ်မြတ်မိုး တို့ထံ ထောက်ပံ့ငွေကျပ်သိန်း ၃၁၀ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်စက် ၅ လုံးရှိပြီး စက် ၁ လုံးကို တစ်ရက်လျှင် ၂ ကြိမ်သာ ကျောက်ကပ်ဆေးကြောနိုင်ရာ စက် ၅ လုံးဖြင့် ဆောင်ရွက်ပါက တစ်ရက်လျှင် လူနာ ၁၀ ဦးသာ ဆေးကြောဆောင်ရွက်နိုင်ကြောင်း၊ ကျောက်ကပ်ဝေဒနာရှင်လူနာ ၁ ဦးအနေဖြင့် တစ်လလျှင် ၈ ကြိမ်အထိ ကျောက်ကပ်ဆေးကြောခြင်း ဆောင်ရွက်ရကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ယခုထောက်ပံ့ပေးသည့် ကျောက်ကပ်ဆေးကြောစက် ၂ လုံးဖြင့် ထပ်မံဆောင်ရွက်ပါက တစ်ရက်လျှင် လူနာ ၁၄ ဦးအထိ ဆေးကြော သန့်စင်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ထပ်မံပြီးအခြားအလှူရှင် တစ်ဦးကလည်း ကျောက်ကပ်သန့်စင်စက် တစ်လုံးကို လာရောက်လှူဒါန်းထားကြောင်း၊ ယခု လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်စက် စုစုပေါင်း ၈ လုံးအထိ ရှိလာပြီဖြစ်ကြောင်း၊  ပြည်သူများအနေနှင့် ကျောက်ကပ်ဆေးကြောခြင်း ဆောင်ရွက်ရာတွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ဆေးကြောရန်မလိုဘဲ ငွေကြေးကုန်ကျမှု သက်သာစွာဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ပင် ကျောက်ကပ်ဆေးကြောခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးထံမှ သိရှိရသည်။

 

ထွန်းလေး (ပြန်/ဆက်)

 

mdn