လွိုင်ကော် ၇ အောက်တိုဘာ

 

ကယားပြည်နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် လွယ်ကူလျင်မြန်သော စနစ်ဖြင့် သတင်းအချက်အလက်များကို ပေးပို့တိုင်ကြားနိုင်ရန်နှင့် အကူအညီများ တောင်းခံလာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ 199 Call Center အားဖွင့်လှစ် ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ အချိန်က ရန်ပုံငွေကျပ် (၁၀.၂၄)သိန်း တိတိအား ၎င်း၏ရုံးခန်း၌ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ မန်နေဂျာတို့မှ လက်ခံခဲ့သည်။

 

ကယားပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး Operator စနစ်များ အားလုံးအပြင် ကြိုးစနစ် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များဖြင့် ပြည်နယ်အတွင်းရှိ နေရာဒေသမရွေး တရားဥပဒေစိုးမိုးရေးနှင့် ဆန့်ကျင်သော အပြုအမူ၊ လုပ်ဆောင်မှုများ၊ ပြည်သူတို့၏အသက်အိုးအိမ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ 199 Call Center သို့ ခေါ်ဆိုပါက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း ဖွဲ့စည်းဆောင်ရွက်ထားသည့် 199 Call Center ရုံးအဖွဲ့နှင့် အလိုအလျောက် ချိတ်ဆက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်းနှင့် စတင်ဆက်သွယ်ဆောင်ရွက်နိုင်မည့် နေ့ရက်အား ထပ်မံအသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

လွိုင်ကော်သား