လွိုင်ကော် ၁၈ မေ
ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအား ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၁၅ ရက် နေ့ မှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လွိုင်ကော်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မေလ ၁၈ ရက်နေ့အထိ တောင်သူ (၅၇)ဦးအား ထုတ်ချေးပေးခဲ့ပြီး စိုက်ပျိုးစရိတ်ချေးငွေများမှာ စပါး(၁)ဧကလျှင် ကျပ် ၁၅၀ဝ၀ဝ နှင့် အခြားသီးနှံများအတွက် (၁) ဧကလျှင် ငွေကျပ် ၁၀ဝ၀ဝဝ နှုန်းဖြင့်ချေးငွေများ ထုတ်ပေးလျက်ရှိပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းသာ ကောက်ခံကြောင်း သိရသည်။
ယခင်နှစ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမား (၅၉၇၂)ဦး၊ ဧကပေါင်း (၃၀၁၀၄)ဧကအတွက် ငွေကျပ် (၃၈၈၅ ဒသမ ၂၀)သန်း ထုတ်ချေးပေးခဲ့ရာ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ယခုနှစ်တွင် အတိုးနှုန်းများကို ၃ ရာခိုင်နှုန်းလျော့ချ၍ ၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၀ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို (၄၀၇၅ ဒသမ ၂၅)သန်း ထုတ်ချေးရန်လျာထားခဲ့ပြီး ယခုကနဦး ခွင့်ပြုရန်ပုံငွေကျပ် (၄၀၇၅ ဒသမ ၂၅)သန်းကို ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခုနှစ် ချေးငွေများကို မေ ၁၅ ရက်နေ့မှ စတင်၍ ဇူလိုင်လအထိ ထုတ်ချေးပေးနိုင်ရန်စီစဉ်ဆောင်ရွက်ထားရှိကြောင်း လွိုင်ကော်မြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဇော်မင်းခိုင် ထံမှသိရသည်။
ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆောင်ကြရာတွင် နှစ်စဉ်သီးနှံပေါ်ချိန်၌ ပုံမှန်လာရောက်ပေးဆပ်လျက်ရှိပြီး ကြွေးကျန်များလည်းမရှိကြောင်း သတင်းရရှိသည်။
ထွန်းလေး (ပြန်/ဆက်)


