လွိုင်ကော် ၂၄ မတ်
ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါက ကုသခြင်း လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် သီးခြားဆေးကုသဆောင်များ ပြင်ဆင်ဆောင်ရွက်နေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၁ နာရီက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးနှင့် တာဝန်ရှိသူတို့က လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ လူနာဆောင်များအား ကြည့်ရှုစစ်ဆေးခြင်း၊ COVID-19 ရောဂါဖြစ်ပွားလာပါက လူနာများအား သီးခြားထားရှိမည့်အခန်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီး ဆောင်ရွက်ထားရန် မှာကြားခဲ့သည်။
ထို့ပြင် ကျန်းမာရေးဝန်ထမ်းများကလည်း ကယားပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာခဲ့သည့် ပြည်သူများကိုလည်း စစ်ဆေးစောင့်ကြည့်မှုများကို သတိပြုလုပ်ဆောင်သွားကြရန်၊ သံသယလူနာများရှိပါက သေချာစွာ စောင့်ကြပ်ကြည့်ရှု ကုသခြင်းများ ဆောင်ရွက်ပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလေး


