ကယားပြည်နယ်အတွင်း ကဏ္ဍအလိုက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြု လက်မှတ်ပေးအပ်

လွိုင်ကော် ၈ ဇန်နဝါရီ

ကယားပြည်နယ်အတွင်း ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ စိုက်ပျိုးရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး ကဏ္ဍများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ပြည်သူများ၊ ပြည်နယ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ခဲ့ကြသူများနှင့် အခြားသော ကဏ္ဍအလိုက် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသူတို့ကို ဆုချီးမြှင့်ရေးကော်မတီမှ စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ရန် သင့်လျော်သည့် ဝန်ထမ်း/ပြည်သူ ၈၄ ဦးအား ကယားပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ပြုလက်မှတ်ပေးအပ် ချီးမြှင့် ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ် ချုပ်တို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍမှ ၁၃ ဦး၊ စီမံခန့်ခွဲရေးကဏ္ဍမှ ၄၇ ဦး၊ စိုက်ပျိုး မွေးမြူရေးကဏ္ဍမှ ၂ ဦး၊ လူမှုရေး ကဏ္ဍမှ (၂၂) ဦး၊ စုစုပေါင်း (၈၄) ဦး တို့အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

mdn

 

ဆက်လက်၍ ဂုဏ်ပြုလက်မှတ်များ ရရှိသူများကိုယ်စား ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနရုံး၊ ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခံရမည့် ပုဂ္ဂိုလ် (၈၄) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထွန်းလေး

 

mdn