လွိုင်ကော်  ၁၂  အောက်တိုဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကယားပြည်နယ် အတွင်း မဲရုံပေါင်း ၂၃၃ ရုံရှိပြီး ပြည်နယ်အတွင်းရှိ အခြေခံပညာရေးဦးစီးဌာနမှ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် ဆရာ၊ ဆရာမ ၃၅၀၀၁ ဦးအား တာဝန်ပေးဆောင်ရွက်သွားမည် ဖြစ်သည်။

“မဲရုံတစ်ရုံမှာ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်အပါအဝင် ပျှမ်းမျှအားဖြင့့် ဆရာ ဆရာမ ၁၂  ဦး တာဝန်ပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မဲရုံများကို တာဝန်ထမ်းဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အမည်စာရင်းများ ပေးပို့ထားပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ သွားလာခက်ခဲ့သည့် နေရာများ၊ ပြည်နယ်ပြင်ပရောက်ဆရာ ဆရာမများ အား အတတ်နိုင်ဆုံး တာဝန်မပေးဘဲ၊ ဒေသခံဆရာ ဆရာမများကို ဦးစားပေးတာဝန်ပေးထားပြီး အသက်အရွယ်ကြီးသည့် ဆရာ ဆရာမများ၊ ကျန်းမာရေးမကောင်းမွန်သည့်ဆရာ ဆရာမများကိုလည်း အတတ်နိုင်ဆုံး တာဝန်မပေးဘဲ ဆောင်ရွက်ထားကြောင်း” ကယားပြည်နယ် ပညာရေးဦးစီးဌာန၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးလူစိယားနို က ပြောသည်။ 

တာဝန်ပေးဆောင်ရွက်သွားမည့် ဆရာ၊ ဆရာမများအနေဖြင့် မဲရုံလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကော်မရှင်မှ ထုတ်ပြန်ထားသည့် မဲရုံမှူး၊ မဲရုံခွဲအဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲရုံကိစ္စနဲ့ ပတ်သက်၍ သင်တန်းပေးရာတွင် သင်ယူဆွေးနွေးသင်တန်းပေးသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားရန် ဆရာ၊ ဆရာမများအား လမ်းညွှန်မှာကြားထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြို့နယ်အလိုက် ဆရာ ဆရာမများအား တာဝန်ပေးဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ်၌ မဲရုံပေါင်း ၈၁ ရုံရှိပြီး ဆရာ ဆရာမ ၁၃၅၃ ဦး ၊ ဒီးမော့ဆိုမြို့နယ်၌ မဲရုံပေါင်း ၆၄ ရုံရှိပြီး ဆရာ ဆရာမ ၉၇၀ ဦး ၊ ဖရူဆိုမြို့နယ်၌ မဲရုံပေါင်း ၃၇ ရုံရှိပြီး ဆရာ ဆရာမ ၅၀၅ ဦး ၊ ရှားတောမြို့နယ်၌ မဲရုံပေါင်း ၉ ရုံရှိပြီး ဆရာ ဆရာမ ၁၁၂ ဦး ၊ ဘောလခဲမြို့နယ်၌ မဲရုံပေါင်း ၁၆ ရုံရှိပြီး ဆရာ ဆရာမ ၂၁၂ ဦး ၊ ဖားဆောင်းမြို့နယ်၌ မဲရုံပေါင်း ၁၇ ရုံရှိပြီး ဆရာ  ဆရာမ ၂၄၁ ဦး၊ မယ်စဲ့မြို့နယ်၌ မဲရုံပေါင်း ၉ ရုံရှိပြီး ဆရာ ဆရာမ ၁၀၈ ဦးတို့အား တာဝန်ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးလူစိယားနို ထံမှ သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)