လွိုင်ကော် ဇူလိုင် ၂၉
ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက် အကောင်းဆုံး မြို့နယ်များ၊ ကျောင်းများနှင့် ဂုဏ်ထူးရထူးချွန် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးမြှင့်တင်မှုများကို အဓိကအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲလာသည့် စက်မှု၊ နည်းပညာ၊ အာကာသနှင့် ဆေးဘက်ဆိုင်ရာပညာရပ်များသည် အခြေခံ ပညာရေးကတစ်ဆင့် မြစ်ဖျားခံခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာပညာရေးနှင့် ရင်ပေါင်တန်းနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အတွင်းရှိ အောင်ချက်အကောင်းဆုံး မြို့နယ်များ ဖြစ်သည့် လွိုင်ကော်၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ် များမှ မြို့နယ်ပညာရေးမှူးများကို လည်းကောင်း၊ အောင်ချက်အကောင်းဆုံး ကျောင်းများဖြစ်သည့် လွိုင်ကော်မြို့နယ်ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း ၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းများရှိ ကျောင်းအုပ်ကြီးများကိုလည်းကောင်း၊ ပြည်နယ်အတွင်း ခြောက်ဘာသာ ဂုဏ်ထူးရှင်များ ကိုလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ဘာသာရပ် အလိုက် ဂုဏ်ထူးရ ရှိသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ “ပညာရေး” သီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ထူးရ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)