လွိုင်ကော် မတ် ၁၉

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသည့် အသက်ငါးနှစ်အောက် ကလေးသူငယ်များ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ မိဘများနှင့် မသန်စွမ်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်လွယ်အုပ်စုဝင်များ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးခြင်း၊ ဘဝလုံခြုံရေးနှင့် ဂုဏ်သိက္ခာရှိစေရေး၊ ကျန်းမာရေးဘဝရပ်တည် ရှင်သန်နိုင်ရေးစသည်တို့ကို အလေးထားဖြည့်ဆည်းပေးခြင်းသည် မိသားစုအသိုက်အဝန်းနှင့် လူမှုအသိုက်အဝန်း ပျော်ရွှင်သာယာရေးအတွက် ကောင်းကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်က လူမှုကာကွယ်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့ စေတနာ့ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း ထိခိုက်လွယ်အုပ်စုဝင်များ၏ အခွင့်အရေးများနှင့် အနာဂတ်ဘဝသာယာ လှပရေးအတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဖေးမ ကူညီသွားရန် တိုက်တွန်းပြောကြားသည်။

 

လက်ခံရယူ

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လွိုင်ကော်မြို့နယ်ရှိ ထိခိုက်လွယ် အုပ်စုဝင်များအတွက် ချီးမြှင့်ငွေများ၊ အသက်ငါးနှစ် အောက်ကလေးငယ် ၄၁၄ ဦးနှင့် မသန်စွမ်းသူ ၁၉၁ ဦးတို့အတွက် ထောက်ပံ့ငွေများနှင့် လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ ထိခိုက်လွယ်အုပ်စုဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်ကြရာ သက်ဆိုင်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

 

ယနေ့အခမ်းအနားတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် သက်ကြီးဘိုးဘွား ၁၂၈၀၊ ကလေးသူငယ် ၁၆၉၄ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၂၂၆ ဦးနှင့် မသန်စွမ်းသူ ၁၉၁ ဦး စုစုပေါင်း ၃၃၉၁ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၀၁၇၃၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)