ခရမ်းစိုးမြင့်
ကယားပြည်နယ်သည် ဧရိယာ ၄၅၁၀ စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂၈၆၆၂၇ ဦး နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အငယ်ဆုံး ပြည်နယ်တစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ပထမဆုံး ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ခဲ့သည့် လောပိတ ရေအားလျှပ်စစ်စီမံကိန်းမှ တစ်နိုင်ငံလုံးသို့ ၁၉၆၀ ပြည့်နှစ်မှ စတင်ပြီး လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးကောင်း မွန်လာခြင်း၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် ကယားပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့သည် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်စံနှုန်းများဆိုင်ရာဆု (ASEAN Clean Tourist City Standard Award) ကို ၂၀၂၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။
ကယားပြည်နယ်တွင် လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင် ဟူ၍ရှိပြီး မြို့နယ်ပေါင်း ခုနစ်မြို့နယ် ရှိသည်ဖြစ်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် ခုနစ်မြို့နယ်လုံးတွင် ဝန်ထမ်းအိမ်ရာ စခန်းများ တည်ဆောက်ပေးကာ ဝန်ထမ်းများ၏ နေရေးအခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့သလို မြို့ပြ ဖွံ့ဖြိုးရေးအတွက် Town Plan များ ရေးဆွဲပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် ပြည်နယ်အတွင်း အိမ်ရာဖွံ့ဖြိုးရေး ကဏ္ဍဆိုင်ရာအပြင် မြို့ပြဖွံ့ဖြိုးရေး ကဏ္ဍများကိုပါ အပြည့်အဝအထောက်အကူပြု ဆောင်ရွက် ပေးနိုင်ခဲ့သည်ဟု သိရသည်။
တိုးချဲ့ဆောက်လုပ်
ပြည်နယ်အတွင်း အလိုအပ်ဆုံးဖြစ်သည့် ဝန်ထမ်းအိမ်ရာများကို လွိုင်ကော်ခရိုင် လွိုင်ကော မြို့နယ်တွင် ၁၉၅၆ ခုနှစ်မှစ၍ လေးခန်းတွဲ နှစ်ထပ် ခြောက်လုံး၊ အိမ်ခန်းပေါင်း ၄၈ ခန်းဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အထိ နှစ်ထပ် ခြောက်ခန်းတွဲ ကိုးလုံး၊ အခန်း ပေါင်း ၅၄ ခန်း၊ လေးခန်းတွဲ နှစ်ထပ် သုံးလုံး၊ အခန်းပေါင်း ၂၄ ခန်း၊ လေးခန်းတွဲ သုံးထပ် နှစ်လုံး၊ အခန်းပေါင်း ၂၄ ခန်း၊ စုစုပေါင်းအိမ်ခန်း ၁၀၂ ခန်းအထိ တိုးချဲ့ဆောက်လုပ်နိုင်ခဲ့သည်။
ထို့နောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ် လေးလုံး၊ အခန်းပေါင်း ၄၈ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၈၂၄ သန်းဖြင့် ထပ်မံ တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်လည်း လေးခန်းတွဲ သုံးထပ် လေးလုံး၊ အခန်းပေါင်း ၄၈ ခန်းအား ခွင့်ပြုဘဏ္ဍာငွေ ၈၀၂ ဒသမ ၃၅၈ သန်းဖြင့် ထပ်မံ တည်ဆောက်နိုင်ခဲ့သည်။ ထို့အပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ်၊ ငါးလုံး အခန်းပေါင်း ၆၀ ကို ခွင့်ပြုဘဏ္ဍာငွေ ၁၀၇၇ ဒသမ ၆၇၆ သန်းဖြင့် ထပ်မံတည်ဆောက်နိုင်ခဲ့ သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ် လေးလုံး၊ အခန်းပေါင်း ၄၈ ခန်းကို ခွင့်ပြု ဘဏ္ဍာငွေ ၈၁၈ ဒသမ ၄၅၈ သန်းဖြင့် ထပ်မံတိုးချဲ့ ပေးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ် လေးလုံး၊ အခန်းပေါင်း ၄၈ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၁၁၁၁ ဒသမ ၆၆၆ သန်းဖြင့် ထပ်မံတိုးချဲ့ တည်ဆောက်ပေးနိုင်ခဲ့ သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ် သုံးလုံး၊ အခန်းပေါင်း ၃၆ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၇၄၈ ဒသမ ၅၃၅ သန်းဖြင့် ထပ်မံတိုးချဲ့တည်ဆောက်ခဲ့ပြီး လေးခန်းတွဲ ငါးထပ် နှစ်လုံး၊ အခန်းပေါင်း ၄၀ ကို ခွင့်ပြုဘဏ္ဍာငွေ ၈၄၃ ဒသမ ၂၉၁ သန်းဖြင့် ထပ်မံတည်ဆောက်ခဲ့ရာ လွိုင်ကော်မြို့တွင် ဝန်ထမ်းအိမ်ရာ စုစုပေါင်း အဆောက်အအုံအလုံးရေ ၄၀ ၊ အခန်းပေါင်း ၄၃၀ တည်ဆောက်နိုင်ခဲ့ပြီး ဝန်ထမ်းအိမ်ထောင်စု ၄၃၀ ကို အိမ်ခန်းနေရာ ချထားပေးနိုင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ်တွင်၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ နှစ်ထပ် တစ်လုံး အခန်းပေါင်း ရှစ်ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၁၄၅ သန်းဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ် တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၀၁ ဒသမ ၆၆၃ သန်းဖြင့် တိုးချဲ့ တည်ဆောက်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ ငါးထပ် တစ်လုံး၊ အခန်း ပေါင်း ၂၀ ကို ခွင့်ပြုဘဏ္ဍာငွေ ၄၁၅ ဒသမ ၀၃၁ သန်းဖြင့် ထပ်မံတိုးချဲ့ တည်ဆောက်နိုင်ခဲ့သဖြင့် ဒီးမော့ဆိုမြို့နယ်တွင် စုစုပေါင်း အဆောက်အအုံ အလုံးရေ သုံးလုံး၊ အခန်းပေါင်း ၄၀ ကို တည်ဆောက်ပြီး ဝန်ထမ်းအိမ်ထောင်စု ၄၀ ကို အိမ်ခန်း နေရာချထားပေးနိုင်ခဲ့သည်။
အခန်းပေါင်း ၃၆ ခန်း တည်ဆောက်နိုင်ခဲ့
ဖရူဆိုမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ လေးခန်းတွဲ သုံးထပ် တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်းကို ကယားပြည်နယ် အစိုးရအဖွဲ့မှ ခွင့်ပြုဘဏ္ဍာငွေ ၁၂၇ ဒသမ ၁၀၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး လွှဲပြောင်းလက်ခံရရှိခဲ့သည်။ ထို့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ် တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်းကို ခွင့်ပြု ဘဏ္ဍာငွေ ၂၀၁ ဒသမ ၆၆၇ သန်းဖြင့် ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ် တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၄၅ ဒသမ ၁၇၉ သန်းဖြင့် ထပ်မံတည်ဆောက်ပေး နိုင်ခဲ့ရာ ဖရူဆိုမြို့နယ်တွင် စုစုပေါင်းအဆောက်အအုံ အလုံးရေ သုံးလုံး၊ အခန်းပေါင်း ၃၆ ခန်း တည်ဆောက်နိုင်ခဲ့ပြီး ဝန်ထမ်းမိသားစု ၃၆ စုကို အိမ်ခန်းများ နေရာချထားပေးနိုင်ခဲ့သည်။
ရှားတောမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်၌ လေးခန်းတွဲ သုံးထပ် ၊ ၁၂ ခန်းကို ကယားပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာငွေ ၁၂၇ ဒသမ ၁၀၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး လွှဲပြောင်းလက်ခံ ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၀၇ ဒသမ ၄၈၄ သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည်။၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် နှစ်ခန်းတွဲ သုံးထပ်၊ ခြောက်ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၁၂၉ ဒသမ ၀၂၃ သန်း တည်ဆောက်ပေးနိုင်ခဲ့သဖြင့် ရှားတောမြို့နယ်တွင် စုစုပေါင်း အဆောက်အအုံ သုံးလုံး၊ အခန်းပေါင်း ၃၀ တည်ဆောက်နိုင်ခဲ့ပြီး ဝန်ထမ်းမိသားစု ၃၀ ကို အိမ်ခန်းနေရာချထားပေးနိုင်ခဲ့သည်။
ဘောလခဲမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၀၇ ဒသမ ၅၀၀ သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည်။ ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၁၉၈ ဒသမ ၃၀၀ သန်းဖြင့် တည်ဆောက်ပေးနိုင်ခဲ့သည်။ ထို့အပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၀၄ ဒသမ ၂၅၀ သန်းဖြင့် တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၁၄ ဒသမ ၄၈၄ သန်းဖြင့် တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကိုလည်း ခွင့်ပြုဘဏ္ဍာငွေ ၂၁၄ ဒသမ ၄၅၅ သန်းဖြင့် တည်ဆောက်ပေးနိုင်ခဲ့သည်။ ထို့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၀၂ ဒသမ ၀၀၀ သန်း ဖြင့် တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၄၇ ဒသမ ၅၆၁ သန်းဖြင့် တည်ဆောက်ပေးနိုင်ခဲ့သောကြောင့် ဘောလခဲမြို့နယ်တွင် စုစုပေါင်း အဆောက်အအုံ ခုနစ်လုံး၊ အခန်းပေါင်း ၈၄ ခန်း တည်ဆောက်နိုင်ခဲ့ပြီး ဝန်ထမ်းမိသားစု ၈၄ စုကို အိမ်ခန်းနေရာချထား ပေးနိုင်ခဲ့သည်။
နေရာချထားပေး
ဖားဆောင်းမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ကယားပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာငွေ ၁၂၇ ဒသမ ၁၀၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး လွှဲပြောင်းလက်ခံရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၅၅ ဒသမ ၅၀၀ သန်းဖြင့် တည်ဆောက်ပေးနိုင်ခဲ့၍ ဖားဆောင်းမြို့နယ်တွင် စုစုပေါင်းအဆောက်အအုံ နှစ်လုံး၊ အခန်းပေါင်း ၂၄ ခန်း တည်ဆောက်နိုင်ခဲ့ပြီး ဝန်ထမ်းမိသားစု ၂၄ စု ကို အိမ်ခန်းနေရာချထားပေးနိုင်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၌ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ကယားပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာ ငွေ ၁၂၇ ဒသမ ၁၀၀ သန်း ဖြင့် တည်ဆောက်ခဲ့ပြီး လွှဲပြောင်းလက်ခံရရှိခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၀၆ ဒသမ ၀၀၀ သန်း ဖြင့် တည်ဆောက်ပြီးစီးခဲ့သည်။ ထို့အပြင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်၊ လေးခန်းတွဲ သုံးထပ်၊ ၁၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ ၂၅၅ ဒသမ ၇၂၀ သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့၍ မယ်စဲ့မြို့နယ်တွင် စုစုပေါင်း အဆောက်အအုံသုံးလုံး၊ အခန်းပေါင်း ၃၆ ခန်း တည်ဆောက်နိုင်ခဲ့ပြီး ဝန်ထမ်းမိသားစု ၃၆ စုကို အိမ်ခန်းနေရာချထားပေးနိုင်ခဲ့သည်။
ထို့အပြင် ပြည်သူများအတွက် အငှားအိမ်ရာကို လွိုင်ကော်မြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်၌ ရှစ်ခန်းတွဲ နှစ်ထပ် နှစ်လုံး၊ အခန်းပေါင်း ၃၂ ခန်းကို ခွင့်ပြုဘဏ္ဍာငွေ သန်း ၅၀၀ ဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့က တည်ဆောက်ပြီးစီး ခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်သူများအတွက် အိမ်ထောင်စု ၃၂ စုကို အိမ်ခန်းနေရာချထား ပေးနိုင်ခဲ့သည်။
ထို့အပြင် အငြိမ်းစားများအတွက် အရောင်းအိမ်ရာ အကောင်အထည်ဖော်နိုင်ရန် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် ကယားပြည်နယ် အတွင်း အခြေချနေထိုင်လိုသည့် ဌာနဆိုင်ရာ အငြိမ်းစားဝန်ထမ်း ၁၅၆ ဦးအတွက် အထပ်မြင့် အငြိမ်းစား အိမ်ရာစီမံကိန်းဖော်ဆောင်ရန် လွိုင်ကော်မြို့ မထောခူကျေးရွာအုပ်စု မြေနေရာ လေးဧကပေါ်တွင် လေးခန်းတွဲ လေးထပ် (သို့မဟုတ်) လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၂ လုံး တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ သည်ဟု သိရသည်။
မြို့ပြဖွံ့ဖြိုးရေးပုံစံများ
ကယားပြည်နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနသည် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူလျက် ပြည်နယ်အတွင်း လွိုင်ကော်မြို့ကို ၂၀၁၃ ခုနှစ်၌လည်းကောင်း၊ ဘောလခဲမြို့ကို ၂၀၁၄ ခုနှစ်၌လည်းကောင်း၊ မယ်စဲ့မြို့နှင့် ဖားဆောင်းမြို့ကို ၂၀၁၆ ခုနှစ်၌ လည်းကောင်း၊ ဖရူဆိုမြို့နှင့် ရှားတောမြို့ကို ၂၀၁၈ ခုနှစ်၌လည်းကောင်း၊ မယ်ဆည်နမ်ကျေးရွာနှင့် ခုံးဟန့်စံပြကျေးရွာတို့၌ ၂၀၁၉ ခုနှစ်တွင်လည်းကောင်း မြို့ပြဖွံ့ဖြိုးရေး ပုံစံများ (Concept Plan) များကို ရေးဆွဲပြီး ကယားပြည်နယ် လွှတ်တော်၌ မှတ်တမ်းတင် အတည်ပြုအောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။ ။