ဒီးမော့ဆို ၄ ဧပြီ
ကယားပြည်နယ်လုံးဆိုင်ရာ (၆၁)ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့် တံခွန်တိုင်ပွဲတော်ကို ဧပြီ ၅ ရက်မှ ၉ ရက်ထိ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်း ကျေးရွာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း ကေ့ထျိုးဘိုး(ခ)ဂန်းခွမ့် တံခွန်တိုင် တိုင်တော်အား ခုတ်ယူခြင်း၊ သယ်ဆောင်ခြင်း၊ စိုက်ထူခြင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပဒေသာပြိုင်ပွဲ၊ ရိုးရာဝတ်စား ဆင်ယင်မှုပြိုင်ပွဲ၊ တံခွန်တိုင် တိုင်တော်အား ဂါရဝပြုသည့် အကပြိုင်ပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

ကေ့ထျိုးဘိုး(ခ)ဂန်းခွမ့် တံခွန်တိုင်ပွဲတော်သည် ကယားတိုင်းရင်းသား မျိုးနွယ်စုတို့ နှစ်စဉ်တန်ခူးလတွင် ကျင်းပလျက်ရှိသော ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်ကျင်းပခြင်းဖြင့် မိုးလေဝသ မှန်ကန်စေရန်၊ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံ ဖြစ်ထွန်းအောင်မြင်စေရန်၊ သဘာဝဘေးအန္တရာယ်နှင့် ရောဂါဘယကင်းဝေးစေရန်၊ တိုင်းပြည်အေးချမ်းသာယာပြီး ကမ္ဘာသူ/သားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)
