လွိုင်ကော် ၂၈ ဇန်နဝါရီ
ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်းမှ အခြေခံအဆောက်အအုံများအား သက်ဆိုင်ရာဌာနအစီအစဉ်ဖြင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ လူထုဗဟိုပြုစီမံကိန်း (စတုထ္တနှစ်စက်ဝန်း) အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေး၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ကယားပြည်နယ် လူထု ဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေး၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် စီမံကိန်း လုပ်ငန်းများအား ပြည်နယ်အဆင့် ဌာနဆိုင်ရာများသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လူထုဗဟိုပြု စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းခွဲများအနက် ပညာရေး၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် အခြေခံအဆောက်အဦများအား ရေရှည်တည်တံ့ရေးနှင့် ဆက်လက်ထိန်းသိမ်းသွားနိုင်ရေး သက်ဆိုင်ရာဌာနများသို့ နှစ်စဉ်လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်မှုသည် ဒုတိယအဆင့် လွှဲပြောင်းမှုဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ် စတုတ္ထနှစ်စက်ဝန်းတွင် ပညာရေးဆိုင်ရာ လုပ်ငန်း(၅၆)ခု တန်ဖိုးငွေကျပ်(၅၀၃.၉၀၈၉)သန်းအား လွှဲပြောင်းပေးအပ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် နှစ်စဉ် ဘတ်ဂျက်များ တိုးမြှင့်ပြီး ဆောင်ရွက်လျက်ရှိသဖြင့် ကယားပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦ လုပ်ငန်းလိုအပ်ချက်သည် အတိုင်းအတာတစ်ခုအထိ တစ်နှစ်ပြီးတစ်နှစ် ပိုမိုပြည့်စုံနေပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများကလည်း ယခုလွှဲပြောင်းပေးသည့် အဆောက်အဦ စာရင်းဇယားများကို စနစ်တကျ မှတ်တမ်း ထားရှိပြီး၊ လုပ်ငန်းများ ရေရှည်တည်တံ့အောင် အလေးအနက်ထား ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်သူအောင် က လူထုဗဟိုပြု စီမံကိန်း အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လူထုဗဟိုပြုစီမံကိန်းမှ အကောက်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ်ပညာရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုး က လက်ခံရယူခဲ့သည်။
ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး ဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုထားရှိမှုအခြေအနေမှာ ၂၀၁၅−၂၀၁၆ ခုနှစ် ပထမနှစ်စက်ဝန်းတွင် ပညာရေးဆိုင်ရာ လုပ်ငန်း (၄၇)ခု တန်ဖိုးငွေကျပ် (၁၉၉.၆၀၀၂၄၇) သန်း၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်း(၁)ခု၊ တန်ဖိုးငွေကျပ်(၃.၅)သန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ် (ဒုတိယနှစ်စက်ဝန်း)တွင် ပညာရေးဆိုင်ရာလုပ်ငန်း(၈၂)ခု တန်ဖိုးငွေကျပ် (၅၇၆.၅၁၃၇)သန်း၊ ကျန်းမာရေး ဆိုင်ရာလုပ်ငန်း (၁)ခု တန်ဖိုးငွေကျပ်(၇)သန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် (တတိယနှစ်စက်ဝန်း)တွင် ပညာရေးဆိုင်ရာ လုပ်ငန်း(၃၇)ခု တန်ဖိုးငွေကျပ် (၃၉၃.၂၅၃၄၃၄)သန်း၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း (၁) ခု တန်ဖိုးငွေ ကျပ် (၃.၅၂) သန်းအား လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ကိုစိုင်း (လွိုင်ကော်)