လွိုင်ကော် ၂ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးစင်တာများတွင် အားဖြည့် ကူညီနိုင်ရန် ကယားပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းဦးရေ ၂၀ သည် ယနေ့နံနက် ၅ နာရီခွဲက ကယားပြည်နယ် ကုသရေးဦးစီးဌာနမှ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ထွက်ခွာခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ သွားရောက်အားဖြည့်မှုနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က “ကယားပြည်နယ်မှာရှိတဲ့ သူနာပြု (၂၀)ကို ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ကိုဗစ်ကုသရေး စင်တာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ ဆရာမများအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက်ကို ဒုတိယအကြိမ် စေလွှတ်ခြင်းဖြစ်ပါတယ်။ ပထမအကြိမ် (၂၀) လွှတ်ထားပါတယ်။ အခု ဒုတိယအကြိမ် ရန်ကုန်တိုင်းမှာ ကိုဗစ်ကုသရေးစင်တာတွေ အသစ်တွေ အများကြီး ထပ်ဖွင့်တယ်။ လူနာအသစ် တွေလည်း အများကြီးထွက်လာတယ်။ ကိုဗစ် အများဆုံး positive ဖြစ်တဲ့နေရာက ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပါတယ်။ အဲဒီတော့ တစ်နေ့ တစ်နေ့ကို ရန်ကုန်တိုင်းမှာ COVID positive လူနာအနေနဲ့ ၅၀၀၊ ၆၀၀၊ ၇၀၀ ပတ်ဝန်းကျင်တွေ ထွက်နေတဲ့အတွက် ဒီလူနာတွေကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် သူနာပြု အင်အားတွေ တခြား ဆရာဝန်၊ ဆရာမ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့သူ အင်အားတွေ လိုအပ်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ သူနာပြု ဆရာဝန်၊ ဆရာမတွေကို Facility Quarantine Centre တွေမှာ စောင့်ရှောက်ဖို့ ကူညီဆောင်ရွက်ပေးဖို့ ကျန်းမာရေး ဝန်ထမ်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ခေါ်တဲ့အတွက် သွားရောက်ဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒီကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ရောဂါ ကူးစက်မှုမရှိအောင် ပထမဆုံးကတော့ မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ ကျွန်တော်တို့မှာပါတယ်။
ဒါ့အပြင် ဒီမှာသွားမယ့် သူတွေအားလုံးကို မိမိကိုယ်ကိုယ်ကာကွယ်ရမယ့် PPE ဝတ်စုံကို ဘယ်လိုဝတ်ဆင်ရမလဲဆိုတာ စနစ်တကျ သင်တန်းတွေပေးတယ်။ ဟိုကျရင်လည်း ထပ်ပြီးတော့မှ ပေးအုံးမှာဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့က သူနာပြုတစ်ဦးကို ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ ပေးလိုက် တဲ့အတွက် ပထမအသုတ်အတွက် သိန်း(၂၀) ကျွန်တော့စီမှာ ပေးထားပါတယ်။ ပြန်လာရင်ပေးမှာပါ။ ဒုတိယသုတ်အတွက် တစ်ဦးကို ကျပ် တစ်သိန်းစီနဲ့ သိန်း(၂၀)ကို မနေ့က ကျွန်တော်တို့ ဒီအဖွဲ့ကို ပေးလိုက်ပါတယ်ခင်ဗျ။
ဒါ့အပြင် နောက်တစ်ခါ ဦးဒန်နီရယ် လွိုင်ကော်မြို့ကနေပြီး စုစုပေါင်း ကျပ် (၁၀)သိန်း၊ တစ်ဦးကို ကျပ် (၅)သောင်းစီနဲ့ ကျွန်တော်တို့ ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျွန်တော်နဲ့ နောက်သူနာပြုဆရာမကြီးကလည်း ပေါင်းပြီး တော့ ထောက်ပံ့လိုက်တာရှိပါတယ်။ သူနာပြုနဲ့ သားဖွားအသင်းကလည်း ပထမအသုတ်မှာလည်း ကျပ်နှစ်သောင်းစီ၊ ဒုတိယအသုတ်မှာလည်း ကျပ်နှစ်သောင်းစီနဲ့ တစ်သုတ်ကို (၄)သိန်းစီ ထောက်ပံ့ပေး လိုက်ပါတယ်။ ဒါ့အပြင် ကျော်ရတနာမိသားစုကလည်း အစားအသောက်တွေ တစ်ဆွဲစီ ထောက်ပံ့ပေးလိုက်တာ ဖြစ်ပါတယ်ခင်ဗျ။ ဦးဆောင်သွားတဲ့သူကတော့ မယ်စဲ့မြို့နယ်က အထက်တန်း သူနာပြု ဒေါ်မာလာမျိုး ဖြစ်ပြီး ဒီတစ်ခေါက်သွားတာကတော့ အထက်တန်းသူနာပြု (၁)ယောက် အမျိုးသားသူနာပြု (၁)ဦး၊ အမျိုးသမီးသူနာပြု(၁၉)ဦး သွားကြတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဧရာဝတီ ကိုဗစ်ရောဂါ ကုသစောင့်ရှောက်ရေး စင်တာမှာ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်က Community Based Facility Quarantine Centre တွေမှာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ပံ့ပိုးဖို့အတွက်ကို ဦးစီးအရာရှိ သွားဆရာဝန် အဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ ကျေးလက်ကျန်းမာရေးမှူး ၃ ဦးနဲ့ စုစုပေါင်း(၄)ဦးကို တစ်သုတ်ပို့ဆောင်ခဲ့ပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ သွားရောက်ကူညီအားဖြည့်ရာတွင် ကယားပြည်နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် နီးစပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျန်းမာရေးဝန်ထမ်းများကလည်း ကူညီဆောင်ရွက် နေကြကြောင်း သိရသည်။
ကိုစိုင်း(လွိုင်ကော်)