လွိုင်ကော် အောက်တိုဘာ ၄
ကယားပြည်နယ်၌ Online မူလတန်းကြိုကျောင်းကို ကလေးငယ် ၃၅ ဦးဖြင့် စတင်ဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မူလတန်းကြိုကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် လူမှု၀န်ထမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က “ကလေးများ၏ ဉာဏ်ရည်၊ လုပ်ကိုင်စွမ်းရည် တိုးတက်ဖွံ့ဖြိုး လာရေးအတွက် ရည်ရွယ်ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် မူကြိုသင်ခန်းစာ စတင်သင်ကြားခြင်းနှင့် Online မှ သားငယ် သမီးငယ်လေးများနှင့် လက်တွေ့မိတ်ဆက်ခြင်းများ ပြုလုပ်ဆောင်ရွက်သည်။
ကယားပြည်နယ်၌ Online မူလတန်းကြိုကျောင်းကို ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကလေးငယ် ၃၅ ဦးဖြင့် စတင်ဖွင့်လှစ်၍ တစ်ပတ်လျှင် သုံးရက်၊ နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး မူကြိုအရွယ် ကလေးငယ်များ ထပ်မံတက် ရောက်သင်ကြားလိုပါက ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနသို့ ဆက်သွယ်၍ အပ်နှံသင်ကြားနိုင်ကြောင်း ပြည်နယ် လူမှု၀န်ထမ်းဦးစီးဌာနမှ သိရှိရသည်။
လွိုင်ကော်(ပြန်/ဆက်)