လွိုင်ကော်၊  ၃၀ ဒီဇင်ဘာ  

ကယားပြည်နယ် မီးသတ်ဦးစီးဌာနက မီးလောင်မှု၊ ပြိုကျပျက်စီးမှုအတွက် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရုပ်ပြလေ့ကျင့်ခြင်းကို ဒီဇင်ဘာ  ၃၀  ရက် နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ ပြည်နယ်မီးသတ် ဦးစီးဌာနရုံးဝန်း၌ ဆောင်ရွက်ကြသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွိုင်ကော်ခရိုင် မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်း၊ လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးညီထွေးဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်နှင့် ဖေးကူလက်ပရဟိတအဖွဲ့တို့က ငလျင်ဘေးအန္တရာယ် ကျရောက်ချိန်တွင် ထိခိုက်ဒဏ်ရာရသူများ အလျင်အမြန် ရှာဖွေကယ်ဆယ်နိုင်ရေးလုပ်ငန်းများ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဘေးကင်းရာသို့ ပို့ဆောင်ခြင်းလုပ်ငန်းများနှင့် ရှေးဦးသူနာပြုနည်းစနစ်များဖြင့် ကုသပေးခြင်းလုပ်ငန်းများကို သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ကြသည်။

ထိုသို့ လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် ကယားပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်၊  ဒုတိယ ပြည်နယ် မီးသတ်ဦးစီးမှူး ဦးခင်မောင်သန်း၊ လွိုင်ကော်ခရိုင် မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်းတို့က လိုအပ်သည်များ လမ်းညွှန်ပြသပေးခဲ့ကြောင်း သိရသည်။

ကိုစိုင်း(လွိုင်ကော်)