နေပြည်တော် ၂၀ ဇန်နဝါရီ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် ဇန်နဝါရီ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် ကယားပြည်နယ် ဒေါတမကြီးကျေးရွာရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ညနေပိုင်းတွင် လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်အတွင်း၌ ကျင်းပပြုလုပ်သည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ-ဂျပန်ချစ်ကြည်ရေးချယ်ရီပင်စိုက်ပျိုးပွဲတော်အား ဂုဏ်ပြုကြိုဆိုခြင်း ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်အတွင်း၌ ကျင်းပပြုလုပ်သည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြရာ အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားရာ ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို အကြောင်းပြု၍ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများ၊ တောတောင်ရေမြေသဘာဝအလှအပများကို ဂျပန်လူမျိုးများသာမက ကမ္ဘာက သိရှိအောင် ပြသနိုင်မည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဂျပန်နိုင်ငံနှင့် ဂျပန်လူမျိုးများ အမှတ်တံဆိပ်သင်္ကတေတစ်ခုဖြစ်သည့် ချယ်ရီပန်းပင်များကို ဂျပန်တော်ဝင်နန်းတော်မှ ကမ္ဘာအနှံ့ ချယ်ရီပင်စိုက်ပျိုးရေးစီမံကိန်းအနေဖြင့် အာရှနိုင်ငံများဖြစ်သည့်် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ၂၀၁၇ ခုနှစ်မှာ စတင်ပြီး စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် စတုတ္ထအကြိမ်ထိ ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ပထမအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်အဖြစ် နေပြည်တော် လွှတ်တော်သို့သွားရာ ဇဝနလမ်းတွင် ချယ်ရီပင်(၁၀ဝ) ကို လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ချယ်ရီပင်(၂၀ဝ)ကို မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-(၁)၊ Royal Myanmar Golf Club နှင့် ဇဝနလမ်းတစ်လျှောက်နှင့် ချင်းပြည်နယ်၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကလောနှင့် အင်းလေးဒေသများတွင် ချယ်ရီပင် (၂၂၅၀) ကို လည်းကောင်း၊ တတိယအကြိမ်အဖြစ် ချယ်ရီပင်နှင့် မေပယ်လ်ပင် (၃၉၀ဝ) ကို ရန်ကုန်မြို့၊ ချင်းပြည်နယ်၊ မိုးကုတ်၊ ကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ စိုက်ပျိုးခဲ့ပါကြောင်း၊

ယခုနှစ် စတုတ္ထအကြိမ်မြောက် ချယ်ရီပင်စိုက်ပျိုးပွဲတော်အဖြစ် လွိုင်ကော်မြို့တွင် ချယ်ရီပင် (၂၀ဝ) နှင့် နေပြည်တော် ပြည်သူ့လွှတ်တော်ဝန်းတွင်း အပင်ရေ (၁၁၄) ပင် စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြားခရီးစဉ် ဒေသများဖြစ်သည့် မွေတော်ကက္ကူတွင် ချယ်ရီပင်(၂၀ဝ)၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တွင် ချယ်ရီပင် (၄၀ဝ)၊ ဟားခါးမြို့ View Point တွင် ချယ်ရီပင် (၁၀ဝ)၊ ပင်းတယမြို့နယ်တွင် ချယ်ရီပင် (၃၅)၊ မိုးကုတ်မြို့နယ်တွင် ချယ်ရီပင် (၁၀ဝ) နှင့် ကရင် ပြည်နယ်တွင် ချယ်ရီပင် (၂၀ဝ) စိုက်ပျိုးသွားမည်ဖြစ်ရာ မြန်မာ-ဂျပန်ချစ်ကြည်ရေးသင်္ကတေ ချယ်ရီပင်များကို နိုင်ငံတဝှမ်းမြင်တွေ့ရမည်ဖြစ်ပါကြောင်း၊

ချယ်ရီပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးသွားခြင်းဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ဂျပန်လူမျိုးများအပေါ်ထားရှိသည့် ချစ်ခင်ရင်းနှီးမှုကို ဖော်ပြရာရောက်သည့်အပြင် ယဉ်ကျေးမှုခြင်း နီးစပ်သည့်မြန်မာနိုင်ငံကိုလည်း ဂျပန်လူမျိုးများ ပိုမိုလာရောက်လည်ပတ်လိုမှုများ ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံမှ ဧည့်သည်များအနေဖြင့်လည်း ကယားပြည်နယ်၏ သဘာဝ အလှအပများကို လာရောက်ကြည့်ရှုခံစားရန်နှင့် ကယားပြည်နယ်တွင်နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုတွေ၏ ယဉ်ကျေးမှုများကိုလာရောက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA က ဂုဏ်ပြု စကားပြောကြားပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကားပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူတို့သည် သတ်မှတ်နေရာများသို့ သွားရောက်ကာ ချယ်ရီပန်းပင်များ စိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် လွိုင်ကော်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကယားပြည်နယ် ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Information Counter တွင် QR Code ထားရှိခြင်း၊ ဂျပန်ဘာသာစကားသင်တန်း ဖွင့်လှစ်ထားရှိခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ ရုံးအဆောက်အဉီအသစ်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
MDN