လွိုင်ကော် မေ ၁၄

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနားများကို ကဆုန်လပြည့် မေ ၁၄ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီးအား သံဃာတော် အရှင်သူမြတ် ကိုးပါးတို့က ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဆိုတော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဝတ်အသင်းအဖွဲ့များက ညောင်ရေတော် လှူဒါန်းဂါထာနှင့် ပလ္လင်အောင်ဂါထာများကို ရွတ်ဆိုပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ အခမ်းအနားသို့ လာရောက်ကြသူများ၊ ဘုရားဖူးလာရောက်ကြသော ပြည်သူများနှင့် ဝတ်အသင်းအဖွဲ့များက မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်းရှိ ဂြိုလ်နံဘုရားများအား ရေသပ္ပါယ် ပူဇော်ခြင်းနှင့် မဟာဗောဓိညောင်ပင်တော်၌ ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)