ဒေါ်ခင်ခင်ဦး

 

(၈-၆-၂၀၁၉ ရက်နေ့မှအဆက်)
ယင်းဝေါဟာရမှာ ပေါ်လီနီးရှားလူမျိုးတို့၏ အသုံး အနှုန်းဖြစ်၍ အဓိပ္ပာယ်မှာ တားမြစ်ထားခြင်းဟူ၍ ဖြစ်ပါ သည်။ ဤတားမြစ်ချက်မှာ တရားဥပဒေက ပြဋ္ဌာန်းထား သည့် တားမြစ်ချက်မဟုတ်ဘဲ လူအများက လက်ခံလိုက်နာ ကြသော ဓလေ့ထုံးစံက ချမှတ်ပေးထားသည့် ပညတ်ချက်၊ တားမြစ်ချက်ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် တဘူးသည် တစ်စုံတစ်ခုကို ရှောင်ကြဉ်ရခြင်းဖြစ်ပြီး ယင်းရှောင်ကြဉ်မှုများမှာ ကြည်ညိုလေးစားထိုက်၍ ရှောင်ကြဉ်ရခြင်းနှင့် မသန့်ရှင်းသော အရာဝတ္ထုဖြစ်၍ ရှောင်ကြဉ်ရခြင်း နှစ်မျိုးစလုံးပါဝင်ပါသည်။ ယင်းပညတ် ချက်ကို ချိုးဖောက်ပါက ချိုးဖောက်သူသည် ကန့်သတ် ချက်မရှိသော ဘေးအန္တရာယ်များနှင့် တွေ့မည်ဖြစ်ပြီး ထိုဘေးအတရာယ်များသည် မည်သို့မည်ပုံကျရောက်မည်၊ အမှန်တကယ် ဘေးအန္တရာယ်ဖြစ်၊ မဖြစ် စသည်တို့ကို ရှာဖွေဆက်စပ်ယူရန် မလိုပေ။ ကျရောက်တတ်သော အန္တရာယ်များမှာ ကပ်ဆိုက်ခြင်းနှင့် ကံဆိုးမိုးမှောင် ကျရောက်တတ်ခြင်းပင် ဖြစ်ပါသည်။ အချို့တဘူးများမှာ ချိုးဖောက်သူတစ်ဦးအတွက်သာမက တစ်ဆွေတစ်မျိုးလုံး နှင့် ကျေးရွာအုပ်စုတစ်ခုလုံးအတွက်ပါ အန္တရာယ်ကျရောက် စေနိုင်သည်ဟု ယူဆကြပါသည်။ အဓိပ္ပာယ်အပြည့်အစုံ ပါရှိစေရန် ရည်စူး၍ က္ဘာကျော်မနုဿဗေဒပါရဂူတို့ သည် မိမိတို့၏ဘာသာစကားတွင် တဘူးဟူသော စကားလုံးကို မနုဿဗေဒဝေါဟာရအနေဖြင့် ကောက်ယူ မွေးစားကြခြင်း ဖြစ်ပါသည်။


သုတေသနပြုစု


တိုင်းရင်းသားလူမျိုးများသည် မိမိတို့ လိုက်နာ ကျင့်သုံးကြသော တဘူးများကို ချိုးဖောက်မိသည့်အတွက် ကျရောက်လာမည့် အန္တရာယ်ကို အလွန်တရာမှ ကြောက်ရွံ့ ကြသည်ကို တွေ့ရှိရပါသည်။ သို့အတွက် ကယားပြည်နယ်ရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို မနုဿဗေဒနည်းစနစ် ဖြင့် သုတေသနပြုစုရာတွင် ယင်းတို့၏ တဘူးများသည် လူအများသိသင့်သိထိုက်သော အကြောင်းအရာများ ဖြစ်သည်ဟု ယူဆမိ၍ ယင်းတို့၏ တဘူးများကို ကဏ္ဍတစ်ခုဖြင့် သုတေသနပြုစုခဲ့ခြင်းဖြစ်ပါသည်။ ကယားပြည် နယ်တွင် မှီတင်းနေထိုင်ကြသော ကယား၊ ဂေခို၊ ဂေဘား၊ ပကူးကရင်၊ ပဒေါင်၊ ပရဲ၊ မနုမနော၊ ယင်းဘော်၊ ယင်းတလဲ အစရှိသော လူမျိုးများလိုက်နာကျင့်သုံးကြသည့် တဘူး များကို သုတေသနပြုစု ရှာဖွေစုဆောင်းရာတွင် အချို့ တဘူးများမှာ ဆင်တူရိုးမှား၊ ထပ်တူထပ်မျှ ဖြစ်နေကြသည်ကို တွေ့ရှိရပါသည်။ သို့သော် တိုင်းရင်းသားတစ်မျိုးစီ နှင့် ဆက်သွယ်မှုပြုရာတွင် လွယ်ကူစွာသိရှိနိုင်ရန်အတွက် တိုင်းရင်းသားအလိုက် ယင်းတို့ လိုက်နာကျင့်သုံးကြသော တဘူးများကို ဖော်ပြသွားမည်ဖြစ်ပါသည်။


ကယားတို့လိုက်နာကျင့်သုံးကြသော တဘူးများ


ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်၍ ကယားတို့တွင် ပညတ်ထားသော တဘူးများရှိပေသည်။ မောင်နှမဝမ်းကွဲ ချင်း လက်ထပ်ခွင့်မရှိသည့်အပြင် ဦးလေးနှင့်တူမ၊ အဒေါ် နှင့်တူတို့မှာ သွေးမည်မျှပင်ဝေးသော်လည်း လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်နိုင်ကြပေ။ ထို့ပြင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ပြောဆိုခြင်းလည်း ပြုလုပ်လေ့မရှိကြပေ။ လူတစ်ဦးသည် မိမိသူငယ်ချင်း၏ သမီးကိုပင် လက်ထပ်ခွင့် မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူငယ်ချင်းနှစ်ဦးမှာ ညီအစ်ကို အဆင့်အတန်းတွင် ရှိနေကြသဖြင့် သူငယ်ချင်း ၏သမီးမှာ သမီးအဆင့်(သို့မဟုတ်) တူမအဆင့်တွင် ရှိနေ၍ ဖြစ်ပေသည်။ ဤတဘူးများကို ချိုးဖောက်ပါက ရပ်ရွာထိခိုက်နစ်နာစေသောကြောင့် ရှေးအခါက ရပ်ရွာမှ မောင်းထုတ်ခြင်းခံကြရ၏။ ယခုအချိန်တိုင် ရှေးဆန်သော ကျေးရွာများတွင် ထိုနည်းကို ကျင့်သုံးဆဲပင် ဖြစ်သည်ကို တွေ့ရှိရပေသည်။ ထို့ပြင် ကူထိုးဘိုးနတ်ကိုးကွယ်သူများ သည် ကေးနတ်ကိုးကွယ်သူများနှင့် လက်ထပ်ပိုင်ခွင့် မရှိကြပေ။


ထိခိုက်တတ်သည်ဟု အယူရှိ


မီးဖွားခြင်းနှင့်ပတ်သက်၍ ကယားတို့လိုက်နာ ကျင့်သုံးကြသော တဘူးများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၏ ခင်ပွန်းသည် မိမိ၏ ဇနီးသည် မီးမဖွားမီ မြေတူးဆွခြင်း မပြုရ၊ မျောက်ကို ပစ်ခတ်ခြင်းမပြုရ၊ ပဲပုပ်စားသောက် ခြင်းမပြုရသည့်အပြင် အသုဘအိမ်မှ အစားအစာများကို လည်း စားသောက်ခြင်းမှ ရှောင်ကြဉ်ရ၏။ အကယ်၍ ဤတဘူးများကို ချိုးဖောက်မိပါက ကလေးငယ်အား ထိခိုက်တတ်သည်ဟု အယူရှိကြ၏။ အချို့လည်း ယင်းတဘူး များကို မီးထွက်သည့်အချိန်အထိ စောင့်ထိန်းကြ၏။


မီးဖွားနေစဉ်အတွင်း ကူညီမီးဖွားပေးသော သက်ကြီးပိုင်း အမျိုးသမီးကြီးမှလွဲ၍ မည်သူမျှ မီးနေခန်း ထဲသို့ ဝင်ရောက်ခြင်းမပြုရပေ။ ထို့ပြင် မီးမထွက်မီ အတွင်း မိတ်ဆွေဖြစ်စေ၊ သူစိမ်းဖြစ်စေ မည်သူမျှ မီးနေ အိမ်ပေါ်သို့ တတ်ရောက်ခွင့်မရှိကြပေ။ အကယ်၍ မီးနေ အိမ်ပေါ်သို့ ဧည့်သည်တက်ရောက်မိပါက အိမ်ရှင်အား ထိခိုက်တတ်သည်ဟု ယူဆကြ၏။ သို့အတွက် ဧည့်သည်အား မီးနေအိမ်မှ လက်မခံလိုကြခြင်းဖြစ်၏။
အမဲလိုက်ခြင်းနှင့်ပတ်သက်သော တဘူးများမှာ လည်း စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ ရွာလုံးကျွတ် အမဲလိုက်မည့်အခါတွင် အမဲလိုက်မည့်သူများမှာ ပဲပုပ်၊ အသုဘအိမ်မှ ထမင်း၊ ဟင်းနှင့် တန်းနိမ့်နတ်များအား ပူဇော်ထားသည့် အစားအသောက်များကို စားသောက် ခြင်းမှ ရှောင်ကြဉ်ကြရ၏။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်းသည်သည် အမဲလိုက်ရာတွင် ပါဝင်ခြင်းမပြုရပေ။ အကယ်၍ လိုက်ပါလိုလျှင် အခြားသူများက ထိုသူ၏လွယ်အိတ်ထဲသို့ ကျောက်ခဲတစ်လုံး တိတ်တဆိတ် ထည့်ပေးရ၏။ ဤတဘူးများကို ချိုးဖောက်မိပါက တောကောင်မရသည့်အပြင် အမဲလိုက်သူများအတွက် အန္တရာယ်ဖြစ်တတ်သည်။ ထိခိုက်တတ်သည်ဟု အယူရှိ ကြ၏။


ရွာလုံးကျွတ် အမဲလိုက်


ရွာလုံးကျွတ် အမဲလိုက်၊ ငှက်လိုက် ထွက်နေစဉ်တွင် ရွာတွင်းသို့ ဧည့်သည်များ ဝင်ရောက်ခြင်း မပြုရပေ။ ရွာလုံးကျွတ် အမဲလိုက်ချိန်တွင် ရွာဝင်တံခါးများကို ပိတ်၍ ထားကြ၏။ အချို့ကျေးရွာများတွင် ရွာပြင်လမ်းဘေး၌ ရာဇမတ်ကာရံ၍ အထိမ်းအမှတ် ပြထားကြ၏။ အကြောင်း အမျိုးမျိုးကြောင့် မလွှဲမရှောင်သာ၍ ရွာတွင်းသို့ဝင်မိလျှင် ကန်တော့ကြေး ပေးရ၏။ ဧည့်သည်များအား ရွာတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းမှာ ထိုသူများသည် တားမြစ်ထား သော အစားအ

စာများကို စားသောက်လာပါက အမဲ လိုက်သူများအတွက် အန္တရာယ်ဖြစ်နိုင်ပြီးလျှင် တောကောင်လည်း မရတတ်၍ပင် ဖြစ်ပေသည်။
အမျိုးသမီးများမှာ အမဲလိုက်ခြင်း မပြုလုပ်ရသည့် အပြင် အမဲလိုက်ပွဲ၌ နတ်ပူဇော်သည့်အခါတွင်လည်း ၎င်းနေရာသို့ အမျိုးသမီးများ မသွားရပေ။ ရွာလုံးကျွတ် အမဲလိုက်၊ ငှက်လိုက်နေစဉ်အတွင်း ရွာတွင်း၌ အရက်ချက်ခြင်း၊ ခေါင်ချက်ခြင်း၊ ရက်ကန်းရက်ခြင်း၊ ဗိုင်းငင်ခြင်း၊ ချည်ရှည်ခြင်း၊ စပါးထောင်းခြင်း၊ ရေခပ်ခြင်း၊ အဝတ် အထည်ချုပ်လုပ်ခြင်း၊ အမျိုးသမီးများ ခေါင်းလျှော်ခြင်း၊ ရွာတွင်း ဆူညံခြင်း မပြုလုပ်ကြရပေ။ ဤတဘူးများကို ချိုးဖောက်ပါကလည်း အမဲလိုက်သူများအဖို့ အန္တရာယ်များသည်ဟု ယူဆကြ၏။


စိုက်ပျိုးရေးနှင့်ပတ်သက်သော တဘူးများလည်း ရှိပေသေးသည်။ စပါး၊ ပြောင်း၊ ပြောင်းကျောက်၊ ပြောင်းဖူး စသည်တို့ စတင်စိုက်ပျိုးသောနေ့တွင် လယ်ပိုင်ရှင်၏ အိမ်ပေါ်သို့ ဧည့်သည်များ တတ်ရောက်ခြင်း မပြုလုပ်ကြ ရပေ။ ထို့ပြင် အိမ်သူအိမ်သားများလည်း အသုဘသို့ မသွားကြရပေ။ အများအားဖြင့် လယ်ယာစိုက်ပျိုးစ၌ ပဲပုပ်၊ အသုဘအိမ်မှ ထမင်း၊ ဟင်းများနှင့် တန်းနိမ့်နတ် များအား ပူဇော်ထားသည့် အစားအသောက်များကို စားသောက်ခြင်း မပြုကြရပေ။ ဤတားမြစ်ချက်များကို ချိုးဖောက်မိပါက စပါး၊ သီးနှံ ကောင်းစွာမထွက်ဟု ယုံကြည်ကြ၏။


ကောက်ရိတ်သိမ်းချိန်တွင် ကောက်ရိတ်သိမ်းသူ တို့သည် ဆံပင်ရိတ်ခြင်းမပြုရဘဲ ကောက်ရိတ်ပြီးမှ ဆံပင်ရိတ်နိုင်ကြ၏။ ထို့ပြင် စပါးပျိုးကြဲစဉ်ကကဲ့သို့ အစားအစာများကိုလည်း ရှောင်ကြဉ်ကြရ၏။ စပါးစရိတ် သောနေ့တွင် လယ်ပိုင်ရှင်က စပါးများကို စားသောက်ခြင်း မပြုကြရပေ။ ဤတားမြစ်ချက်များကို ချိုးဖောက်မိပါက စပါး၊ သီးနှံကောင်းစွာမထွက်ဟု ယုံကြည်ကြ၏။ 


စပါးစပျိုးသည့် အချိန်မှစ၍ ရိတ်သိမ်းပြီးသည့် အချိန်အထိ မှိုနှင့် မည်သို့မျှ မပတ်သက်ရပေ။ အထူးသဖြင့် စပါးသိမ်းချိန်တွင် မှိုကို ရွာတွင်းသို့ပင် ယူဆောင်လာခြင်း မပြုလုပ်ရပေ။ စပါးရိတ်ချိန်နှင့် စပါးသိမ်းချိန်၌ လူတစ်ဦး တစ်ယောက် သေဆုံးခဲ့သော် အသုဘကို မြေမြှုပ်နှံခြင်းမှ လွဲ၍ ကုသိုလ်ကောင်းမှုများ မပြုလုပ်ကြရပေ။ စပါး ရိတ်သိမ်းပြီးမှသာလျှင် သေဆုံးသူအား ရည်စူး၍ ကုသိုလ် ကောင်းမှုများ ပြုလုပ်ကြရ၏။
မိမိ၏ခြံအတွင်း၌ သီးနှံစိုက်သည့်အခါ ပဲပုပ် မစားရ၊ အမဲမလိုက်ရ၊ အသုဘအိမ် မသွားရဟူသော တဘူးများ လည်း ရှိကြ၏။ ၎င်းအပြင် စပါး၊ ကောက်ပဲသီးနှံများအတွက် ပူဇော်ပသပွဲများ ပြုလုပ်သော အိမ်ပေါ်သို့ ဧည့်သည်များ တက်ရောက်ခြင်း မပြုလုပ်ကြရပေ။


တံခွန်တိုင်ပွဲတော်နှင့်ဆိုင်ရာ တဘူးများကိုလည်း တွေ့ရှိရပေသည်။ ယင်းပွဲတော်နှင့်သက်ဆိုင်သည့် သတ်မှတ်ထားသော စည်းကမ်းချက် တစ်စုံတစ်ရာ ချို့ယွင်း သွားခဲ့သော် ကယားတို့သည် မိမိတို့၏ ရပ်ရွာ၊ အိုးအိမ်များ ကိုပါ စွန့်လွှတ်၍ အခြားတစ်နေရာသို့ ပြောင်းရွှေ့သွား ရသည်အထိ စည်းကမ်းကြီးသည်ကိုလည်း တွေ့ရှိရပေ သည်။ တံခွန်တိုင်မစိုက်ထူမီ မြေပေါ်ချထားစဉ် ခွေးများ ဖြတ်ကျော်မသွားစေရန် နေ့ရောညပါ စောင့်ရှောက်ကြရ ၏။ တံခွန်တိုင်ကို ဝိုင်း၍ကသော တံခွန်တိုင်အကတွင် မည်သည့်အမျိုးသမီးမျှ ပါဝင်ဆင်နွှဲခြင်း မပြုရပေ။ တံခွန် တိုင်ကို သတ်မှတ်ထားသည့်နေရာမှသာ ခုတ်ရ၍ တံခွန် တိုင်အတွက် ယစ်ကျွဲကိုလည်း သတ်မှတ်သည့်ရပ်ရွာမှသာ ဝယ်ယူရ၏။ ထို့ပြင် ယစ်ကျွဲဝယ်လျှင် အနာအဆာ လွတ်သော ကျွဲကို ရွေးချယ် ဝယ်ရ၏။


ဆက်လက်ဖော်ပြပါမည်