ဒေါ်ခင်ခင်ဦး
(၂၂-၆-၂၀၁၉ ရက်နေ့မှအဆက်)
ဂေဘားတို့တွင် မီးဖွားခြင်းနှင့်သက်ဆိုင်သော တဘူးများလည်း ရှိပေသေးသည်။ မီးနေအိမ်ပေါ်သို့ ဧည့်သည်တက်ရောက်ခြင်း မပြုရပေ။ မီးနေအိမ်မှန်းမသိ၍ အိမ်ပေါ်သို့ ဧည့်သည်တက်မိလျှင် ကန်တော့ကြေးအနည်းဆုံး တစ်မတ်ပေးရ၏။ အိမ်တွင် အမျိုးသမီးတစ်ဦး မီးဖွားနေလျှင် အိမ်ရှိအမျိုးသားများသည် အခြားနေရာသို့သွားရောက် နေထိုင်ကြရသည့်အပြင် အခြားအိမ်သို့ပို့ထားကြရ၏။ ထို့အပြင် ဇနီးသည် မီးနေချိန်တွင် ခင်ပွန်းသည်သည် အမဲလိုက်ခြင်းမှ ရှောင်ကြဉ်ရ၏။ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးသွားပါက အခြားကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အသုဘသို့ မသွားကြရသည့်အပြင် မြှုပ်နှံရာတွင်လည်း သွားရောက်ကူညီခြင်း မပြုကြရပေ။
အမဲလိုက်ခြင်းနှင့်ပတ်သက်သော တဘူးများမှာ အမဲလိုက်၍ရသော သားကောင်များကို အမျိုးသမီးများ မဖျက်ရချေ။ အမဲလိုက်သွားစဉ်တွင် ခေါင်ချက်ခြင်းလည်း မပြုရပေ။ ဤတဘူးများကို ချိုးဖောက်ပါက အမဲလိုက်သူများအတွက် ထိခိုက်တတ်သည့်အပြင် သားကောင်လည်း မရ ဖြစ်တတ်သည်ဟူ၏။
စိုက်ပျိုးရေးနှင့်ပတ်သက်သော တဘူးများမှာ ရာသီလာနေသော အမျိုးသမီးများသည် စပါးသယ်ခြင်း၊ စပါး သိမ်းခြင်းမပြုလုပ်ရသည့်အပြင် တလင်းထဲသို့ပင် မဝင်ရချေ။ ဤတဘူးကို ချိုးဖောက်ပါက လာဘ်တိတ်တတ်သည်။ ထိခိုက်တတ်သည် ဟူ၏။
စပါးရိတ်သိမ်းချိန်တွင် တောတိရစ္ဆာန်သေကို ထမ်းပြီး တောင်ယာထဲမှ ဖြတ်သန်းသွားခြင်း မပြုရပေ။ အထူးသဖြင့် ချေသေကောင် ထမ်းသွားခြင်းကို မနှစ်သက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤသို့ပြုမိပါက စပါးလိပ်ပြာလွင့်တတ်ပြီး နောင်နှစ်တွင် စပါးအထွက်နည်းမည်ဟု ယုံကြည်ကြ၍ ဖြစ်ပေသည်။ စပါးရိတ်ရာတွင် အကွက်မချန်ဘဲ တစ်ပြေးတည်း ရိတ်သွားရသော ထုံးစံရှိကြ၏။ အကယ်၍ ကြားဖြတ်အကွက်ချန်၍ ရိတ်လျှင်စပါးလည်ပင်းပြတ်၍ စပါးအရ နည်းတတ်သည်ဟု ယုံကြည်ကြသည်။ ထို့အပြင် တောင်ယာတွင် ကာထားသော ဝါးများကို ခေါင်ချက်ရာတွင် ထင်းအဖြစ် အသုံးမပြုရပေ။ သုံးမိက ထိခိုက်တတ်သည်ဟု အယူရှိကြ၏။ ထို့အပြင် ဆူးစထိုးသည့်နေ့နှင့် စပါးစရိတ်သည့်နေ့တွင် ခေါင်ချက်ခြင်း မပြုကြရပေ။ ဤကဲ့သို့ ရှောင်ကြဉ်ခြင်းမှာ ခေါင်ချက်ပါက စပါးအထွက်နည်းပြီး ထိခိုက်တတ်သည်ဟု ယုံကြည်ကြ၍ ဖြစ်၏။
အသုဘနှင့်ပတ်သက်သည့် တဘူးများမှာ နတ်ကိုးကွယ်သော ဂေဘားတို့ သေဆုံးသွားလျှင် သေဆုံးသူအိပ်သော ဖျာနှင့်ခေါင်းအုံးများကို အိမ်တွင်သိမ်းဆည်း ထားခြင်းမပြုရဘဲ သင်္ချိုင်းတွင် ထားခဲ့ရ၏။
အခြားစိတ်ဝင်စားဖွယ်ကောင်းသော တဘူးများမှာ ခေါင်ချက်ရန်အတွက် တဆေးထောင်းသော အမျိုးသမီးသည် တဆေးထောင်းသည့်နေ့နှင့် နောက်တစ်နေ့တွင် ရေမချိုးရသည့်အပြင် အချဉ်လည်းမစားရပေ။ ဤတဘူးများကို ချိုးဖောက်မိပါက ထိခိုက်တတ်သည်ဟူ၏။
ဂေဘားတို့သည် ဧည့်သည်များအား ကြက်သားဖြူ ဟင်းနှင့် မှိုဟင်းများဖြင့် ကျွေးမွေးဧည့်ခံခြင်းမှ ရှောင်ကြဉ်ကြ၏။ ယင်းအစားအစာများနှင့် ကျွေးမွေးဧည့်ခံမိလျှင် မိတ်ပျက်တတ်သည်ဟု ယုံကြည်ကြ၏။ ပကူးကရင်တို့ လိုက်နာကျင့်သုံးကြသော တဘူးများ ပကူးကရင်တို့၏ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော တဘူးများမှာ ပကူးကရင်တို့သည် မိမိတို့ မျိုးတူစုချင်းသာလျှင်ထိမ်းမြားကြရပြီး အခြားလူမျိုးများနှင့် လက်ထပ်ထိမ်းမြားပိုင်ခွင့် မရကြပေ။ မောင်နှမတစ်ဝမ်းကွဲချင်းလည်း သွေးနီးလွန်းသောကြောင့် လက်ထပ်ခွင့်မပေး။ ဦးလေးနှင့်တူမ၊ အဒေါ်နှင့် တူ၊ မြေးနှင့် အဘိုး၊ မြေးနှင့်အဘွားတို့လည်း လက်ထပ်ပိုင်ခွင့် မရကြပေ။
မီးဖွားခြင်းနှင့်ပတ်သက်သော ပကူးကရင်တို့၏ တဘူးများမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ခင်ပွန်းသည်သည် တောလည်ရာတွင် ဝက်ဝံကို ပစ်ခတ်ခြင်းမပြုရပေ။ တောဝက်နှင့် ဝက်ဝံသားကို ကိုယ်ဝန်ဆောင်အမျိုးသမီးများ စားသောက်ခြင်းမှ ရှောင်ကြဉ်ကြရ၏။ အချို့က သားဦးကိုယ်ဝန်ကို ဆိုလိုသည် ဟူ၏။ ကလေးငယ်များ ကိုလည်း ငါးနှစ်သားအရွယ်မတိုင်မီ တောဝက်နှင့်ဝက်ဝံသားကို ကျွေးမွေးခြင်းမပြုပေ။
ဇနီးဖြစ်သူ မီးဖွားနေစဉ်တွင် ကလေးချက်ကြိုး ဖြတ်၍မပြီးမချင်း ခင်ပွန်းဖြစ်သူသည် မီးနေခန်းထဲသို့မဝင်ရပေ။ အကယ်၍ဝင်မိလျှင် ကလေးအတွက် ငါးမူးဖြစ်စေ၊ တစ်ကျပ်ဖြစ်စေပေးရ၏။ မီးနေခန်းမှာ မသန့်ရှင်း၍ အမျိုးသား မီးနေခန်းဝင်လျှင် လာဘ်တိတ်တတ်သည်ဟု ယူဆကြသည်။ အများအားဖြင့် အမျိုးသားများမှာ ဆေးစွမ်းများကို ထိုးထားကြ၍ ဆေးပြယ်မည်စိုး၍ မဝင်ကြခြင်းဖြစ်သည်ဟု ပြောဆိုကြ၏။ မီးဖွားပြီး ကလေးချက်မြွကေမီ မီးနေအိမ်ပေါ်သို့ ဧည့်သည်တက်ရောက်ခြင်း မပြုရပေ။ မီးဖွားနေသည်ကို မသိ၍တက်မိလျှင် ကန်တော့ကြေး တစ်မတ်စသည်ဖြင့် ဧည့်သည်က အိမ်ရှင်အားပေးရသော ထုံးစံရှိ၏။ မီးနေအိမ်၏ လှေကားတွင် သစ်ကိုင်းဖြစ်စေ၊ သစ်ရွက်ဖြစ်စေ ထိုး၍စိုက်ထားခြင်းဖြင့် မီးနေအိမ်ဟူသော အထိမ်းအမှတ်ကို ပြထားလေ့ရှိကြ၏။
ပကူးကရင်တို့၏ အမဲလိုက်ခြင်း၊ ငါးမျှားခြင်းနှင် ပတ်သက်၍ သတ်မှတ်ထားသော တဘူးများမှာ အမဲလိုက်သွားမည့် အမျိုးသားများသည် မိမိအမဲလိုက်သွားမည့် အကြောင်းကို အိမ်မှအမျိုးသမီးအား ပြောကြားခြင်း မပြုရပေ။ အမျိုးသမီးကလည်း အမျိုးသား အမဲလိုက်သွားမည်ဟု ခန့်မှန်းမိလျှင် အမဲလိုက်သွားမည်လားဟု မေးမြန်းခြင်းမပြုရပေ။ မေးမြန်းမိလျှင် တောကောင်မရ လာဘ်တိတ်တတ်သည်ဟု ယူဆကြ၏။ အသုဘအိမ်မှ အမျိုးသားများသည် သေသူ၏အလောင်းကို သဂြိုဟ်မပြီးမချင်း အမဲလိုက်မထွက်ကြရပေ။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်းမှာ အမဲလိုက်မထွက်ကြရပေ။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်းမှာ အမဲလိုက်ရာတွင်ဝက်ဝံကို ပစ်ခတ်ခြင်းမပြုရသည့်အပြင် ဝက်ဝံသားကိုလည်း စားသောက်ခြင်းမှ ရှောင်ကြဉ်ရ၏။ ထို့အပြင်အမဲလိုက်ရာတွင် အမျိုးသားများသာ ပါဝင်ခွင့်ရကြပြီး အမျိုးသမီးများမှာ ပါဝင်ခွင့်မရှိကြပေ။
စိုက်ပျိုးရေးနှင့် ပတ်သက်သည့် တဘူး ထုံးစံများမှာ ရိတ်သိမ်းပြီးသော စပါးများကို စပါးကျီထဲသို့ လောင်းထည်နေစဉ် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်း မပြုကြရသည့်အပြင် စပါးသယ်သောနေရာသို့ ခွေးများလာရောက်၍ မဟောင်စေရန် ခွေးများကိုလည်း ကြိုးဖြင့်ချည်၍ ထားကြရ၏။ ထို့အပြင်ကလေးသူငယ်များကိုလည်း ငိုကြွေးခြင်း မပြုစေရပေ။ စပါးကျီထဲသို့ စပါးပလိုင်းခုနစ်လုံးလောင်း ထည့်ပြီးမှသာလျှင် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုနိုင်ခွင့်ရှိကြသည်။ ထို့အပြင် စပါးသယ်ယူနေစဉ်အတွင်း စပါးကျီနှင့် စပါးပုံကြားတွင် လူများဖြတ်သန်းသွားလာခြင်း မပြုရပေ။ ဤတဘူးကို ချိုးဖောက်ပါက စပါးလိပ်ပြာလွင့်တတ်၍ ရှေ့နှစ်တွင် စပါးကောင်းစွာ ထွက်လိမ့်မည်မဟုတ်ဟု ယူဆကြ၏။ ယင်းတဘူးများကို နတ်ကိုးကွယ်သူများ အထူးကျင့်သုံးကြသည်ကို တွေ့ရသည်။ တောင်ယာထဲတွင်လည်းကောင်း၊ အိမ်တွင်း၌လည်းကောင်း ကျားထိုးကစားခြင်းတို့ကိုလည်း အထူးရှောင်ကြဉ်ကြရသည်။ ကျားထိုးကစားခြင်းမှာ အသုဘအိမ်တွင် လုပ်ဆောင်ကြခြင်းဖြစ်၍ လာဘ်တိတ်တတ်သည်ဟု ယူဆကြသည်။
ပကူးကရင်တို့၌ အသုဘနှင့်သက်ဆိုင်သော တဘူးများလည်း ရှိကြပေသေးသည်။ အိမ်ထောင်စုတွင် ဇနီးသည်သေဆုံးသွားလျှင် ကျန်ရစ်သော ခင်ပွန်းသည်နှင့် သားသမီးတို့သည် မိမိတို့နေရင်းအိမ်တွင် ဆက်လက်၍ နေထိုင်ခြင်းမပြုရသည့်အပြင် အိမ်တွင်းပစ္စည်းများကိုလည်း သုံးဆောင်ခြင်းမပြုကြရတော့ပေ။ ဖခင်နှင့် သား သမီးများသည် အဝတ်တစ်ထည်က ိုယ်တစ်ခုစီနှင့် အိမ်ပေါ်မှ ဆင်းကြရ၏။ အိမ်အပြင်ဘက်တွင် ထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက် အစရှိသည့် တိရစ္ဆာန်များကိုမူ မိမိနှင့်အတူ ယူဆောင်သွားနိုင်ပြီး အိမ်ဟောင်းနှင့်တကွ အိမ်တွင်းရှိပစ္စည်းများကို မီးရှို့၍ ပစ်ကြရ၏။
ပကူးကရင်တို့၏ အခြားစိတ်ဝင်စားဖွယ်ကောင်းသော တဘူးများကို ရပ်ရွာလူထု၏ အကျင့်စာရိတ္တပြုပြင်ရေးပွဲ ပြုလုပ်ကြရာတွင် တစ်ဖန်တွေ့ရပြန်၏။ ယင်းပွဲကျင်းပ မည်ဟု ရပ်ရွာထဲတွင် ခုနစ်ရက်ကြေညာထားပြီး ထိုခုနစ်ရက်အတွင်း၌ ကျေးရွာထဲသို့ မည်သည့်ဧည့်သည်မျှ ဝင်ရောက်ပိုင်ခွင့်မရှိပေ။ ရွာသားများလည်း ရွာပြင်သို့ထွက်ခွင့်မရကြတော့ပေ။ ထိုအခါ၌ ကျေးရွာရှိ အမျိုးသမီးပျို၊ အမျိုးသားပျိုများအား အပြစ်ရှိ၊ မရှိ မေးမြန်းစစ်ဆေးလေ့ရှိ၏။ အပြစ်ရှိသူများအား ရွာမှနှင်ထုတ်ကြ၏။ စာရိတ္တ ပြုပြင်ရေးလုပ်နေသည်ကို သိရှိစေရန် ရွာဦးထိပ်မှနေ၍ လမ်းများကို ကြိုးတန်းများဖြင့်ကာထားပြီး သစ်ရွက်၊ ဝါးရွက်များကို ဆွဲထားလေ့ရှိကြသည်။ ကြေညာထားသည့် ခုနစ်ရက်ပြည့်မှ သူစိမ်းတစ်ရံဆံများကို ရွာအတွင်းသို့ ဝင်ခွင့်ပြုပြီး ရွာသူ ရွာသားများမှာလည်း ရွာအပြင်သို့ထွက်ခွင့်ရကြ၏။
ပကူးကရင်တို့၏ ဘာသာရေးနှင့်သက်ဆိုင်သော နတ်ပူဇော်ပွဲတွင်လည်း တဘူးများ တွေ့ရှိရပေသည်။ အိမ်တစ်အိမ်၌ နတ်စားနေလျှင် နတ်စားနေစဉ်အတွင်း ဧည့်သည်များ အိမ်ပေါ်သို့ တက်ပိုင်ခွင့်မရှိပေ။ ဆွေမျိုးများသာ အိမ်ပေါ်သို့ တက်ခွင့်ရရှိပြီး နတ်ပူဇော်နေသည့် အချိန်တွင် အိမ်တွင်းရှိလူများ စကားကျယ်လောင်စွာ ပြောဆိုခြင်း မပြုရဘဲ တိုးတိုးသက်သာ ပြောဆိုကြရ၏။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသ မဖြစ်ရပေ။ နတ်ကိုးကွယ်သည့် အိမ်ထောင်စုတိုင်းတွင် တစ်နှစ်တစ်ကြိမ် နတ်စားပွဲ ပြုလုပ်လေ့ရှိကြပြီး နတ်စားပွဲတွင်ထမင်းဟင်းလျာများ စားသောက်ပြီးသောအခါ အရိုးများ ကို မြေကြီးပေါ်သို့ လွှင့်ပစ်ထားခြင်းမပြုရဘဲ မြေကြီးထဲသို့မြှုပ်နှံပစ်ကြရ၏။
ရှေးအခါက ပကူးကရင်တို့သည် စစ်ထွက်မည့်ဆဲဆဲ အိမ်သားဖြစ်စေ၊ စစ်သားဖြစ်စေ တစ်ဦးတစ်ယောက် နှာချေလိုက်လျှင် ထိုနေ့ ခရီးမထွက်ရပေ။ လမ်းခရီးတွင်မြွဖြေစ်စေ၊ ချေဖြစ်စေ ရှေ့ကဖြတ်သန်းသွားလျှင် ထိုလမ်းကို ဆက်လက်၍ မသွားတော့ပေ။ ယင်းတဘူးများကို ချိုးဖောက်လျှင် စစ်ရှုံးတတ်သည်ဟု ယူဆကြ၏။
ပဒေါင်တို့ လိုက်နာကျင့်သုံးကြသောတဘူးများ
ပဒေါင်တို့၏ ထိမ်းမြားမင်္ဂလာနှင့်သက်ဆိုင်သော တဘူးများမှာ ဦးလေးနှင့်တူမ၊ အဒေါ်နှင့်တူ၊ မောင်နှမ ဝမ်းကွဲအချင်းချင်းတို့မှာ လက်ထပ်ပိုင်ခွင့် မရှိကြပေ။
(ဆက်လက်ဖော်ပြပါမည်)