လွိုင်ကော် ၁၅  သြဂုတ် 
    

ပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပိုမိုဝင်ရောက်လုပ်ကိုင်နိုင်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၆/၂၀၁၉)ကို ယနေ့မွန်းလွဲ(၂)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ (ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ကော်မတီအနေဖြင့် မူဝါဒများနှင့် ညီညွတ်သည့် ကိစ္စရပ်များကို မှန်ကန်ရဲဝံ့စွာဖြင့် ပြောဆိုဆောင်ရွက်တတ်ရန်လိုကြောင်း၊ သို့မဟုတ်လျှင် ဆက်လက်၍ ကြန့်ကြာနေမည် ဖြစ်ကြောင်း ၊ ဌာနဆိုင်ရာများအနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုပါကြောင်း၊ သို့မှသာ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များကို အချိန်မီဖြေရှင်းဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတည်ပြုမိန့် ထုတ်ပေးခြင်းများနှင့် စပ်လျဉ်း၍ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယင်းသို့မှန်ကန်စွာ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပိုမိုအားကောင်းလာစေရေးအတွက် အကောင်းဆုံးဆွေးနွေး ဆောင်ရွက် ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်မေမျိုးဇော် က ကျင်းပပြီးစီးခဲ့သည့် အမှတ်စဉ်(၅/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများ ၊ Eco Resort နှင့် ပတ်သက်၍ အတည်ပြုမိန့် ထုတ်ပေးနိုင်ရေးကိစ္စရပ်များ၊ နောင်ယားကန်ဘေးရှိ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်အောက် ဆက်စပ်ဧရိယာလျာထားမြေ (၁ ဒသမ ၃၃၃) မြေနေရာပေါ်တွင် ရုပ်ရှင်ရုံ ၊ ကလေးအပန်းဖြေ ဥယျာဉ် ၊ ရှော့ပင်းမောလ်(၄)ထပ်နှင့် ဟိုတယ်(၅)ထပ် အဆောက်အဦများကို တည်ဆောင်ခွင့်ပြုပါရန် လျှောက်ထားလာခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း ၊ Data Focus Co.,Ltd မှ တာဝန်ရှိသူတစ်ဦး က ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Website တည်ထောင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြကြကြောင်း သိရှိရသည်။


လွိုင်ကော်သား