လွိုင်ကော် ၁၃ ဒီဇင်ဘာ
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံး အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးတွင် ကျင်းပပြု လုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ကြသည်။
ရှေးဦးစွာ ရုံးသစ်အဆောက်အအုံအား ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ဟာ မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပြီး ပြည်နယ်၏ လူမှုစီးပွား ကဏ္ဍမှာ အဓိက ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးမဲ့ ရုံးတစ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် တာဝန် ရှိသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိတယ်။

ပြည်သူတွေအတွက် ကဏ္ဍအလိုက် ကြိုးပမ်းပေးလျက် ရှိပြီး ချက်ချင်း ဆောင်ရွက်နိုင်သည်များကို ချက်ချင်းဆောင်ရွက်ပြီး အချိန်ယူဆောင်ရွက်ရန်ကို အချိန်ယူ ဆောင်ရွက်ပေးလျက် ရှိတယ်။ ပြည်နယ်၏ ခေတ်စနစ်ဟောင်းကို သုံးသပ်ကြည့် မည်ဆိုပါက ယခင်က ကုမ္ပဏီတစ်ခု ဆောင်ရွက် မည့်ဆိုပါက အချိန်နှင့် ငွေကြေးများစွာကုန်ကျပြီး အခြားတိုင်းဒေသကြီး/ပြည်နယ် တွေမှာ ဆောင်ရွက် ခဲ့ရတယ်။ ယခုအခါ ပြည်သူများ၏ အကျိုးအတွက် ယခုလိုရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများ ကျေနပ်နှစ်သက်လိမ့်မည်ဟု ယုံကြည်မိတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက် လာစေရေးအတွက် အဓိကဆောင်ရွက်ပြီး အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖော်ဆောင်ပေး နိုင်ပြီ ဖြစ်တယ်။
ယင်းအခြေ အနေများကို ပြည်နယ်အတွင်းရှိ ပြည်သူများအားလုံးမှ တစ်ဆင့်စကားပြန်လည် ပြောကြားပေး စေလိုပါကြောင်း၊ ထို့အပြင် ယခုရုံးသစ်အဆောက်အအုံအား ရန်ပုံငွေကျပ် (၁၃၈ ဒသမ ၁၁၀) သန်းနဲ့ ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းတွေအတွက်ကိုလည်း ဝန်ထမ်းအိမ်ရာ အား ရန်ပုံငွေကျပ် (၂၀၇ ဒသမ ၂၈၀) သန်းနဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ယင်းဌာနအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ပြည်နယ်အစိုးရ အဖွဲ့အနေနှင့် ဖော်ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ အစိုးရ တစ်ရပ်အနေနှင့် တာဝန်များကို ကျေပွန်အောင် ဖော်ဆောင် ပေးပြီဖြစ်ရာ ဌာနဝန်ထမ်းများအနေနှင့်လည်း မိမိတို့တတ်နိုင်သည့်ကဏ္ဍများတွင် ပေးအပ်ထားသည့် တာဝန်များကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပေးစေလိုပါကြောင်း၊ မိမိအနေနှင့် ရုံးချုပ်မှ ဒုညွှန်ချုပ်နှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် ပတ်သက်၍ စိတ်ရောကိုယ်ပါ ဆောင်ရွက်နေသည်ကို တွေ့ရှိရ၍ ဂုဏ်ယူဝမ်းမြောက်မိပြီး ဝန်ထမ်းများ အနေနှင့် မိမိတို့ ဌာန၏ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင်းဆုံးဆောင်ရွက် နိုင်ကြစေလိုတယ်။ ဟု အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် က ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံသစ် အဆောက်အုံ ဖွင့်လှစ်ခြင်း နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ရွှေထက်ထူးကုမ္ပဏီလီမိတက်မှ စာရွက်စာတမ်းများအား ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရုံးသစ် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း၊ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုစိုင်း (လွိုင်ကော်)