နေပြည်တော် ၁၃ စက်တင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်က “ ကယားပြည်နယ်တွင် ဖွင့်လှစ်ထားသော သူနာပြုသားဖွားဒီပလိုမာ သင်တန်းကျောင်းများတွင် ဒေသခံကျောင်းသူ/ကျောင်းသားများ တက်ရောက် ခွင့်၊ ဖြေဆိုခွင့်ရရှိရေး”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ သူနာပြု/သားဖွား ဝင်ခွင့်အတွက် အခြေခံပညာအထက်တန်း/တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲတွင်မဆို အောင်မြင်ပြီးရရှိသည့် (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ) (၃) ဘာသာရမှတ်ပေါင်းကို အများ/အနည်းအလိုက် စိစစ်၍ ၎င်းတို့အောင်မြင်ခဲ့သည့် စာစစ်ဌာန တည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ သူနာပြု/သားဖွားသင်တန်းကျောင်းများ၏ လက်ခံနိုင် သည့်ဦးရေအတိုင်း စိစစ်ဝင်ခွင့်ပြုသည့်စနစ်ဖြစ်ပြီး သူနာပြု/သားဖွား ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မလိုအပ်ပါကြောင်း။
ထိုသို့ရွေးချယ်ခြင်းမှာ ကျောင်းသား/သူများအား ၎င်းတို့အမှန်တကယ်မှီတင်းနေထိုင်သည့် တိုင်း/ဒေသကြီးပြည်နယ်တွင် တက်ရောက်စေလို၍ ၎င်းဒေသများမှ အခြေခံပညာအထက်တန်းကို ၎င်းဒေသ၏ ရမှတ်အမှတ်ဖြင့်သာ စိစစ်ခွင့်ပြုခြင်းဖြစ်ပါကြောင်း။
သူနာပြု/သားဖွား ဝင်ခွင့်ဖြတ်မှတ်များမှာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မတူညီသကဲ့သို့ တစ်နှစ်နှင့်တစ်နှစ် အမှတ်ဖြတ်မှတ်လည်းမတူညီပါကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည့် ကယားပြည်နယ်ဒေသခံ ကျောင်းသား/ ကျောင်းသူများကို ကယားပြည်နယ်သို့ လျှောက်ထားခွင့်ပြုမည်ဆိုပါက သာတူညီမျှကို ရှေးရှု၍ အခြားတိုင်းဒေသကြီး/ပြည်နယ်များကိုလည်း လျှောက်ထားခွင့်ပြုရမည်ဖြစ်ပါသဖြင့် ဒေသအလိုက် အောင်မြင်သူများကိုသာ သက်ဆိုင်ရာဒေသ၌ တက်ရောက်စေသည့်စနစ် ပျက်ပြားသွား မည်ဖြစ်ပါကြောင်း၊ ကယားပြည်နယ်တွင်နေထိုင်ပြီး အခြေခံပညာအထက်တန်းအောင်မြင်သူများကို သင်တန်းတက်ရောက်နိုင်သည့် အခွင့်အလမ်းနည်းပါးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်။
MDN


