လွိုင်ကော် မတ် ၂၃

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း သင်ကြား ပို့ချနေမှု၊ မင်းကျောင်းကန် အမှတ် (၄)နှင့် အမှတ်(၅) ကန်ပတ်ဝန်းကျင် တစ်လျှောက် ပြည်သူများ အနားယူ အပန်းဖြေနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကြီးမှူး၍ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား အားပေးစကား ပြောကြားကာ နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်း တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေ ကျပ် ၁၀၀၀၀၀၀ နှင့် သင်ကြား ပို့ချလျက်ရှိသည့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် ၈၀၀၀၀၀ ကို ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်းကို မတ် ၉ ရက်မှ ဧပြီ ၃ ရက်အထိ ရက်သတ္တ လေးပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မင်းကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများအား ဆက်ကပ် လှူဒါန်းကာ နွေရာသီယဉ်ကျေး လိမ္မာသင်တန်းသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသားများအား နှုတ်ဆက်စကားပြောကြားပြီး သင်တန်းတက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများနှင့် သင်ကြားပို့ချပေးသော ဆရာ ဆရာမများအတွက် ချီးမြှင့် ငွေကျပ် ၁၀၀၀၀၀၀ ကို ပေးအပ်သည်။

 

အဆိုပါ နွေရာသီယဉ်ကျေး လိမ္မာသင်တန်းကို မတ် ၁၅ ရက်မှ ဧပြီ ၂၀ ရက်အထိ ရက်သတ္တ ငါးပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် လွိုင်ကော်မြို့ မင်းကျောင်း ကန်သာကန် အမှတ်(၄)နှင့်  အမှတ် (၅)တို့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက် ကန်ပတ်ဝန်းကျင်နှင့် ရေကန်အတွင်း ပလတ်စတစ်နှင့် အမှိုက်သရိုက်များ ကင်းစင်သန့်ရှင်းရေး၊ ကန်ပေါင်ပတ်လည် ပန်းအလှပင်စိုက်ပျိုးခြင်းနှင့် အမြဲစိမ်းလန်းစိုပြည်စေရေး၊ အများပြည်သူ အပန်းဖြေရန်နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကန်ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ စိမ်းလန်း စိုပြည်ရေးနှင့် အမှိုက်သရိုက်များ ကင်းရှင်းစေရေး ဆောင်ရွက်ရန်နှင့် မြို့အား Green City၊ Clean City၊ Smart City အဖြစ် ပုံဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)