လွိုင်ကော် ၁၈ မေ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်အတွင်း မိုးရာသီကာလတွင် မိုးရွာသွန်းမှုများကြောင့် Main လမ်းမကြီးတစ်လျှောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သဖြင့် ရန်အောင်လမ်းနှင့် တံခွန်လမ်းသွယ်များမှတစ်ဆင့် ဘီလူးချောင်းအတွင်းသို့ စီးဆင်းစေရေးအတွက် ယခင်မြေသားမြောင်းများ ပြန်လည်တူးဖော်ပေးခြင်းလုပ်ငန်းကို ပြင်/ထိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည်။
ယခုနှစ်တွင် မြေသားမြောင်းများ အနည်းငယ်ပြိုကျပျက်စီးမှုကြောင့် မြောင်းများပိတ်ဆို့ခြင်း၊ ရေစီးရေလာ ကောင်းမွန်မှု မရှိခြင်းတို့ကြောင့် ပြန်လည်ပြုပြင် တူးဖော်ခြင်းလုပ်ငန်းအား ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူတို့က မေ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါလမ်းများသည် ကုန်းမြှင့်အတွင်းတည်ရှိပြီး လမ်းမကြီးတစ်လျှောက် ရေလွှမ်းမိုးမှု မရှိစေရေးအတွက် ဘီလူးချောင်းအတွင်းသို့ ရေပိုများ ကောင်းမွန်စွာ စီးဆင်းစေရေးအတွက် ပြင်/ထိန်း လုပ်ငန်းဖြင့် ဆောင်ရွက်ပေးသော မြောင်းများဖြစ်ကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အနက်(၇)ပေအထိ တူးဖော်ရသည့် မြောင်းများဖြစ်ကြောင်း၊ ရပ်ကွက်နေပြည်သူများ သိရှိစေရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ချပြဆောင်ရွက်သွားရန်နှင့် လမ်းသွယ်အတွင်း တည်ရှိသော်လည်း လိုအပ်ပါက ခိုင်ခံ့သော ကျောက်စီရေမြောင်းဖြင့် ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာလမ်းဦးစီးဌာနမှ တွက်ချက်တင်ပြပေးရန်နှင့် ယခုမြေသားမြောင်း တူးဖော်ဆောင်ရွက်ရာတွင် မြေပြိုမှုအား ထိန်းသိမ်းနိုင်ရန်အတွက် ဗီပုံသဏ္ဍန် စနစ်တကျတူးဖော်သွားရန်၊ ယန္တရားဖြင့် ဆောင်ရွက်ရန်၊ မလိုအပ်သည့်နေရာများတွင် လုပ်သားအင်အားဖြင့်သာ စနစ်တကျဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ရန်အောင်လမ်းနှင့် တံခွန်လမ်းတို့မှာ ကုန်းမြင့်နေရာ၌ တည်ရှိသဖြင့် ဘီလူးချောင်းသို့ စီးဆင်းနိုင်ရေး ရေမြောင်းတူးဖော်ရာတွင် အချို့သောနေရာများ၌ မြောင်းအနက်(၇)ပေအထိ တူးဖော်ခြင်း၊ လမ်းသွယ်အတွင်းတည်ရှိသော ရန်အောင်လမ်းနှင့် ကျော်ခိုင်လမ်းထောင့်အားလည်းကောင်း၊ ကျော်ခိုင်လမ်းနှင့် သီတာလမ်းထောင့်အားလည်းကောင်း Box Culvert ဆောင်ရွက်ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒေါတမရပ်ကွက်၊ ရန်အောင်လမ်း ပေ ၄၀၀ နှင့် တံခွန်လမ်း ပေ ၁၀၀၀ ရေနုတ်မြောင်းပိတ်ဆို့မှု မြောင်းဟောင်းတူးဖော်ခြင်း လုပ်ငန်းသည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် လမ်းဦးစီးဌာန၏ လွိုင်ကော်မြို့တွင်း လမ်းများ (၃၈)မိုင် (၃.၅)ဖာလုံ သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း (၂၆.၉၀၃)သန်း ဆောင်ရွက်မှုများတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
ထွန်းလေး (ပြန်/ဆက်)


