လွိုင်ကော် ၂၂ ဇူလိုင် 


မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် လိုက်လျောညီထွေသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းနှင့်ပတ်သက်၍ ဂါရဝပြုလာရောက် တွေ့ဆုံသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mrs Suphatra Srimaitreephithak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက် ၁၀ နာရီခွဲက  ကယားပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းတွင် တွေ့ဆုံခဲ့သည်။


တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mrs Suphatra Srimaitree phi thak မှ SEP Project ဖြင့် လာရောက်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်၊ နေရပ်ပြန်ရောက်ရှိလာသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုဘဝ ပြန်လည်ထူထောင်ရာတွင် လိုအပ်သော နည်းပညာများကူညီပံ့ပိုးပေးရန်၊ SEP Project ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကယားပြည်နယ်တွင်လည်း နေရပ်ပြန် တိုင်းရင်းသားများရှိကြောင်း ကြားသိရသည့်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ နေရပ်ပြန်တိုင်းရင်းသားများ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Learning Center ဆောက်လုပ်နိုင်ရေး မြေနေရာ ကူညီဆောင်ရွက်ပေးရန်၊ Learning Center တွင်လည်း ပညာရှင်များ ခေါ်ယူသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးနည်းပညာပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။


ပြည်နယ်ဝန်ကြီးချုပ်မှ ကယားပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ဒေသဖြစ်သည့်အတွက် တောင်သူလယ်သမားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Learning Center ဆောက်လုပ်မည့် မြေနေရာအတွက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေရပ်ပြန်တိုင်းရင်းသားများသည် မြို့နယ်အသီးသီးတွင် နေထိုင်သည့်အတွက် အဆင်ပြေစေရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၃) နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစစအရာရာအဆင်သင့်ဖြစ်သည့် အနေအထားတွင်ရှိကြောင်း၊ လိုအပ်သော အဆောက်အဦများလည်း ဆောင်ရွက်ထားရှိကြောင်း၊ ထိုင်းနိုင်ငံဘက်မှ ဆောင်ရွက်ထားမှုအခြေအနေများအား သိရှိလိုကြောင်း ဆွေးနွေးခဲ့သည်။


ထို့နောက် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။


အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


လွိုင်ကော်သား

 

1