လွိုင်ကော် ၇ စက်တင်ဘာ
ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်းထူထပ်ကာ ရာသီဥတုနှင့် သဘာဝ အခြေခံကောင်းများရှိသည့် ဒေသတစ်ခုဖြစ်ပြီး ၎င်းတောင်တန်းဒေသများတွင် ကော်ဖီစိုက်ပျိုးရန် အထူးသင့်လျော်သည့်အတွက် ကော်ဖီစိုက်ပျိုးခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အောင်နေလင်းထွန်းကုမ္ပဏီမှ ကယားပြည်နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးသူများနှင့် သဘောတူစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် အောင်နေလင်းထွန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ကော်ဖီစိုက်ပျိုးခြင်း ဓာတ်ပုံကားချပ် ပေးအပ်ခဲ့ပြီး အောင်နေလင်းထွန်း ကုမ္ပဏီတည်ထောင်သူ ဦးငွေထွန်းမှ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်း မှတ်တမ်းဗီဒီယိုအားပြသသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းက ကျေးဇူးတင်စကားပြောကြားကာ အောင်နေလင်းထွန်းကုမ္ပဏီမှ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။
ထို့နောက် ကော်ဖီစိုက်ပျိုးသူ ကယားဖူး လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံမှ ဒေါ်နော်လေးမြာက ကော်ဖီစိုက်ပျိုးမှု အတွေ့အကြုံများရှင်းလင်းခြင်း၊ အောင်နေလင်းထွန်းကုမ္ပဏီနှင့် ကော်ဖီစိုက်ပျိုးသူများမှ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် အောင်နေလင်းထွန်းကုမ္ပဏီမှ ကော်ဖီစိုက်ပျိုးသူများသို့ ကော်ဖီပျိုးပင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် ကော်ဖီစိုက်ပျိုးနည်းစနစ်ကောင်းများအား ကော်ဖီပညာရှင်မှ ဟောပြောခြင်း၊ ဩဂဲနစ် စိုက်ပျိုးနည်းစနစ်များအကြောင်း ဩဂဲနစ်စိုက်ပျိုးရေး ပညာရှင်မှ ဟောပြောခြင်း၊ ကော်ဖီဈေးကွက်များနှင့် စပ်လျဉ်း၍ အောင်နေလင်းထွန်းကုမ္ပဏီ ဈေးကွက်ဒါရိုက်တာမှ ပြောကြားခြင်းများ ဆောက်ရွက်ရာ တက်ရောက်လာသော တောင်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရသည်။
လွိုင်ကော်သား


