လွိုင်ကော် စက်တင်ဘာ ၁
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာ(ယာယီ) ဈေးသို့သွားရောက်၍ ဈေးအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် စားသုံးဆီ ရောင်းချပေးနေသည့် အခြေအနေအား ကြည့်ရှုခဲ့ပြီး သတ်မှတ်နှုန်းထားအတိုင်း ရောင်းချနေမှု ရှိမရှိနှင့် ရောင်းချသည့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ ဆီသုံးစွဲဝယ်ယူလျက်ရှိသော ပြည်သူများ၊ ဈေးသူဈေးသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဆက်လက်၍ သီရိမင်္ဂလာဈေးအသစ် တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက်၍ ဈေးဆိုင်ခန်း တည်ဆောက်နေမှု၊ မြေတူးဖော်ခြင်းလုပ်ငန်း၊ ရေနှုတ်မြောင်းများ ဆောင်ရွက်မည့် အစီအမံများ၊ ဈေးဆိုင်ခန်းများ တည်ဆောက်နေမှု စနစ်တကျရှိစေရေး၊ ယာယီပျံကျဈေးသည်များ အမိုးအကာနှင့် အမြန်ဆုံး ရောင်းဝယ်နိုင်ရေး၊ ဈေးကောက် နှုန်းထားများ သတ်မှတ်ချက်နှင့်အညီ ကောက်ခံရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများပြီးစီးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဈေးတည်ဆောက်မှုလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သတ်မှတ်အရည်အသွေးများ ပြည့်မီစေရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါတမရပ်ကွက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရန်အောင်လမ်း ကျောက်စီရေမြောင်းတည်ဆောက်ခြင်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေစီးရေလာကောင်မွန်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေးတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထိုနောက် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်ရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်၍ ပြည်နယ်အတွက် လိုအပ်သည့် ငါးသားပေါက်များ ဖြန့်ဖြူးပေးနိုင်ရေး၊ ငါးမွေးတောင်သူများအား ငါးဆေးထိုးသားဖောက်နှင့် ငါးမွေးမြူရေးသင်တန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်နယ်ပြန်လည်ထူထောင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ငါးသားဖောက်ကန်များ တည်ဆောက်နေမှုအားလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်သူ့အငှားအိမ်ရာဝန်း ခြံစည်းရိုးအုတ်တံတိုင်း တည်ဆောက်နေမှုတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောင်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ဝန်ထမ်းများနှင့် ပြည်သူများအား စနစ်တကျ ပြန်လည်နေရာချထားပေးသွားရန် တာဝန်ရှိသူများအား မှာကြားသည်။
၎င်းနောက် ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနများသို့ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများ နေရာချထားနိုင်ရေးနှင့် ရုံးများအမြန် ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)


