ကေ့ထိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်
ဗုဒ္ဓဘာသာနှင့်နတ်ကိုးကွယ်ကြသော ကယားတိုင်းရင်းသားတို့သည် စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကောက်ပင် ဖွံ့ဖြိုးရန်နှင့် လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အထမြောက်အောင်မြင်စေရေးအတွက် မိုးရေကို ပေးစွမ်းသော မိုးနတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်နှင့် ယာစောင့်နတ်တို့ကို ပူဇော်ပသမှုပြုလေ့ရှိကြသည်။
ကယားတိုင်းရင်းသားတို့သည် ရှေးယခင်ကတည်းက ခေတ်မီသိပ္ပံနည်းများကို အသုံးပြု၍ စိုက်ပျိုးနိုင်သူများ မဟုတ်ကြဘဲ ၎င်းတို့၏မိရိုးဖလာရိုးရာနည်းများဖြင့်သာ စိုက်ပျိုးကြသူများဖြစ်ခြင်းကြောင့် သဘာဝကပေးသည့် မိုးရေကိုအားကိုးပြီး ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရသည်။ သို့ဖြစ်ခြင်းကြောင့် ၎င်းတို့အနေဖြင့် မိုးကိုသာ အားကိုးတကြီးမျှော်ကြခေါ်ကြရသည်။ သို့ဖြစ်သည်နှင့်အညီ တောင်ယာမစိုက်ပျိုးမီ၊ စပါးမရိတ်သိမ်းမီ နှင့် စပါးရိတ်သိမ်းပြီးချိန်တို့တွင် လုပ်ငန်းကိစ္စအဝဝ အထမြောက်အောင်မြင်စေရေးအတွက် ကူညီစောင်မရန် ၎င်းတို့မမြင်နိုင်သော တန်ခိုးရှင်များအား ပူဇော်ပသပွဲများပြုလုပ်ပေးကြရသည်။
ယင်းသို့ ပူဇော်ပသမှုပြုလုပ်ကြသည့် ပွဲများအနက် ကေ့ထိုးဘိုး(တံခွန်တိုင်ပွဲတော်)သည် ကယားအနွယ်ဝင် တို့၏ ရိုးရာကိုးကွယ်မှုမှ ပေါက်ဖွားလာသည့် နတ်ပူဇော်ပသပွဲတစ်ခုပင်ဖြစ်သည်။ အဆိုပါပွဲတော်ကို နှစ်စဉ် တန်ခူးလနှင့် ကဆုန်လတို့တွင် ကျင်းပလေ့ရှိကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းပွဲတော်သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ပြောင်းသော နှစ်သစ်ကူးပွဲတော်လည်းဖြစ်သည်။
ယင်းပွဲတော်ကို ကျင်းပခြင်းအားဖြင့် မိုးလေဝသမှန်ကန်ပြီး ကောက်ပဲသီးနှံများဖွံ့ဖြိုး အောင်မြင်လိမ့်မည်ဟု ကယားတိုင်းရင်းသားတို့က ယုံကြည်ကြသည်။ သို့ဖြစ်ခြင်းကြောင့် တံခွန်တိုင်ပွဲကို မိုးခေါ်ပွဲ(မိုးတပွဲ)ဟုခေါ်လျှင် မှားနိုင်မည်မဟုတ်ပေ။ တံခွန်တိုင်ပွဲတော် သည် ကယားတိုင်းရင်းသားတို့၏ အလွန် အရေးပါအရာရောက်သော ရိုးရာယဉ်ကျေးမှု ပွဲတော်ဖြစ်ခြင်းကြောင့် ဘိုးဘွားအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ရွာစဉ်အတိုင်းကျင်းပလေ့ ရှိသော ပွဲတော်တစ်ရပ်ပင်ဖြစ်သည်။
တံခွန်တိုင်ပွဲတော် ကျင်းပခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းအမျိုးမျိုး လည်း ရှိနေပြန်ပါသေးသည်။ ထို့ကြောင့် ကယားတိုင်းရင်းသားတို့အနေဖြင့် ရိုးရာဓလေ့ ထုံးစံစည်းမျဉ်းများက ချမှတ်ပေးထားသည့် စည်းကမ်းချက်များကို တံခွန်တိုင်ပွဲတော် ကျင်းပသည့်အခါတွင် အတိအကျလိုက်နာ ဆောင်ရွက်ကြသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်သည်။ အကယ်၍ တံခွန်တိုင်ပွဲတော်နှင့် သက်ဆိုင်သော သတ်မှတ်ထားသည့် စည်းကမ်းချက်တစ်စုံတစ်ရာ ချွတ်ယွင်းချက် ရှိခဲ့သည်ရှိသော် မိမိတို့၏ရပ်ရွာအိုးအိမ်များကို စွန့်ခွာ၍ တခြားတစ်နေရာသို့ပြောင်းရွှေ့သွား ရသည်အထိ စည်းကမ်းချက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
ထို့ကြောင့် ကယားတိုင်းရင်းသားတို့သည် တံခွန်တိုင်ပွဲတော်မကျင်းပခင်ကတည်းက လုပ်ဆောင်ဖွယ်ရှိသည့် ကိစ္စမှန်သမျှတို့ကို ရိုးရာဓလေ့ထုံးစံနှင့် ကိုက်ညီအောင် တံခွန်တိုင်အား ဦးစွာပြင်ဆင်လုပ်ကိုင်ကြရသည်။ ကနဦးပြင်ဆင်ရသည်မှာ ခေါင်ရည်များချက်ခြင်းပင်ဖြစ်သည်။ ခေါင်ရည်အဆင် သင့်ချက်ပြီးသောအခါ ရွာအတွင်း၌ လူများအစုံအလင် ရှိ၊ မရှိ ကြည့်ပြီး လူစုံလင်စွာရှိသည့် နေ့တွင် တံခွန်တိုင်ထူရန်အတွက် သစ်ပင်ခုတ် ရမည့်နေ့ရက်ကို ကြက်ရိုးထိုး၍ ရွေးချယ်လေ့ရှိကြသည်။ ကြက်ရိုးဗေဒင်က ကောင်းမွန်သည်ဟု နိမိတ်ထွက်သောနေ့ရက်တွင် တံခွန်တိုင်သွားခုတ်ရန် ပြင်ဆင်ကြရသည်။
တံခွန်တိုင်ခုတ်ရန် မသွားမီ သစ်ပင်ကောင်းကောင်းကို ရွာရှိလူများက ကြိုတင်၍ ရှာထားရပြီး ခုတ်မည့်အပင်ကို ရှာတွေ့ခဲ့သည် ရှိသော် ထိုအပင်သည် တံခွန်တိုင်လုပ်ရန် ကောင်း၊ မကောင်း ဆိုသည်ကို ကြက်ရိုးထပ်မံ ထိုး၍ ကြည့်ရှုကြပြန်သည်။ အကယ်၍ကောင်းလျှင် ယင်းအပင်ကိုခုတ်ရန် သတ်မှတ်၍ ပြန်လာခဲ့ကြသည်။ ယင်းသို့ သတ်မှတ်ထား သည့်အပင်သည် ရွာနှင့်နီးလျှင် နံနက် ၃ ချက်တီးအချိန်၊ ရွာနှင့်ဝေးလျှင် နံနက် ၁ ချက်တီး အချိန်ခန့်မှ စတင်၍ တစ်အိမ်လျှင် အမျိုးသားတစ်ဦးစီ ရေဘူးကိုယ်စီဖြင့် သစ်ပင် ခုတ်ရန်ထွက်ခွာ ကြလေ့ရှိသည်။ ထိုသို့ သစ်ပင်ခုတ်ရာတွင် အမျိုးသမီးများ ပါဝင်ခွင့် မရကြချေ။
တံခွန်တိုင်သစ်ပင်ခုတ်ရာ၌ သစ်ခုတ် အဖွဲ့တွင် အနည်းဆုံးလူ ၅၀ မှ ၁၀ဝ အထိ ပါဝင်ပြီး အတီးအမှုတ်များဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် တပျော်တပါးသွားလေ့ရှိကြသည်။ တံခွန်တိုင်အတွက်အသုံးပြုရန် သစ်လုံးမှာ ရိုးရာအလိုက် တချို့က ကျွန်းပင်ကိုအသုံးပြု ကြပြီး တချို့က အင်ပင်ကိုရွေးချယ်ကြသည်။ သို့သော် ရွေးချယ်သည့်သစ်လုံးမှာ အပြစ် အနာအဆာကင်းရှင်းရန် လိုအပ်သည်ဟု ဆိုသည်။ နွယ်ပတ်သောသစ်ပင်၊ ကောက်ကွေ့သောသစ်ပင်၊ ပိုးထိုးသောသစ်ပင် စသည် တို့ကိုမူ တံခွန်တိုင်အဖြစ်ရွေးချယ်ခြင်း မပြုကြကြောင်း သိရသည်။