ကယားတို့ပြည် ငွေတောင်နယ် တောင်ညိုတန်းရိပ်က မနုမနော (ကော်ယော်) တိုင်းရင်းသားများ

မောင်မောင်ကျော(ပလက်ဝ)

 

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်တို့ဖြင့် စုစည်းထားသည့် တိုင်းရင်းသားလူမျိုးနွယ်စု ၁၃၅ မျိုးရှိသည်။ ကယားပြည်နယ်မှာ အငယ်ဆုံးဖြစ်သည်။ စတုရန်းမိုင်ပေါင်း ၄၅၀၆ မိုင်သာ ကျယ်ဝန်း၏။  ကယား၊ ပရဲ(ကယော)၊ မနုမနော(ကော်ယော်)၊ ဂေဘား၊ ယင်းတလဲ။ ကယန်း (သို့) ကယန်း-ပဒေါင် (ကယန်းကခေါင်း)၊ ဂေခို (ကယန်းကဒေါ့)၊ ယင်းဘော်(ကယန်းကငံ)၊ အဇီး(ကယန်းလဲထ) ဟူ၍ ကယားအစု ကိုးမျိုးနှင့် ပကူးကရင်၊ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဗမာ စသော တိုင်းရင်းသားများ စုပေါင်း  နေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည်။ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ဖရူဆို၊ မယ်ဆည်နယ်နှင့် ရှားတော စသောမြို့နယ် ခြောက်ခုရှိသည်။

 

မနုမနော(ကော်ယော်)လူမျိုး

 

မနုမနော(ကော်ယော်)တို့သည် ကယားမျိုးနွယ်စုတွင် ပါဝင်ပြီး အိမ်နီးနားချင်းများက မနုမနော၊ ကယားစကားဖြင့် အနူး၊ မနုမနော(ကော်ယော်)စကားဖြင့်  မိုနိုဟု ခေါ်ကြသည်။ ယခုအခါ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ (ပထမအစည်းအဝေး) သို့ တက်ရောက်ခဲ့ကြသော မနုမနောတို့က ကော်ဖော်တိုင်းရင်းသား အမည်ဟုသာ ရေးမှတ်ခဲ့ကြောင်း တွေ့ရသည်။ မနုမနော (ကော်ယော်) စကားကို ပြောကြသည်။ အသံအနိမ့်အမြင့် ဒေသအလိုက် အနည်းငယ်ကွဲပြားသည်။ ပင်ရင်းစာပေမရှိ၊ ရိုးသားကြိုးစားသူများဖြစ်သည်။ လုံ့လဝီရိယကောင်းသည်။ ဖရူဆိုမြို့နယ်တွင် အများဆုံးနေထိုင်ကြသည်။ ၁၉၆၅  ခုနှစ် (၁၈)ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းကြီးကြပ်ရေးကော်မတီ၊ တိုင်းခွဲ(၉)မှ တင်ပြသောစာရင်းအရ မနုမနောတိုင်းရင်းသား ၃၀၀၀ ကျော် ခန့်ရှိသည်။ ယခုအခါ ၁၀၀၀၀ ကျော်ခန့် ရှိနေပြီဖြစ်သည်။

 

ဆင်းသက်ပေါက်ဖွား မနုမနော(ကော်ယော်)တိုင်းရင်းသား

 

မြန်မာနိုင်ငံသို့ မနုမနော (ကော်ယော်)တိုင်းရင်းသားများ ဝင်ရောက်နေထိုင် မှုနှင့်ပတ်သက်၍ မနုဿဗေဒပညာရှင်များက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှိ တိုင်းရင်းသားအားလုံးသည် မွန်ဂိုလွိုက်လူမျိုးနွယ်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ မွန်ဂိုလွိုက်လူမျိုးတို့၏ ပင်ရင်းဒေသမှာ အာရှတိုက် အလယ်ပိုင်းရှိ မွန်ဂိုကုန်းမြင့်ဖြစ်သည်။ မွန်ဂိုလွိုက်ဖြစ်ကြ၍ ညီနောင်တူဖွား သွေးရင်းသားရင်းတို့ပင် ဖြစ်သည်။

 

မွန်ဂိုကုန်းမြေမြင့်တွင် နေထိုင်ခဲ့ကြရာမှ တောင်ဘက်သို့ တဖြည်းဖြည်း  ဆင်းသက်လာသူများဖြစ်ကြသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်ကြရာတွင် နေထိုင်ရာ ရေ၊ မြေ၊ ချောင်းခြားနားခြင်း၊ မြေပြန့်၊ တောင်ပေါ်လမ်းခရီး ခက်ခဲခြင်း၊ ပထဝီအနေအထားအရ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ပြတ်ကာရောက်ရာအရပ်၌ ကိုယ့်အစုအဝေးနှင့်ကိုယ်နေထိုင်ကြခြင်း၊ ရာသီဥတု ပတ်ဝန်းကျင် မတူညီခြင်း စသည်တို့ကြောင့် အပြောအဆို၊ အနေအထိုင်၊ အဝတ်အစား၊ အမူအရာ၊ ဓလေ့ထုံးစံများ ကွဲပြားခြားနားခြင်းသာ ဖြစ်သည်။ ရုပ်သွင်ပြင်မှာ မွန်ဂိုလွိုက် ရုပ်သွင်ပြင်လက္ခဏာများ ပေါ်လွင်ပြီး အသားဝါ လူမျိုးများဖြစ်ကြသည်ဟု ရေးသားထားပါသည်။

 

စဉ်လာထိန်းထားရှေးစကား

 

မနုမနော(ကော်ယော်)တိုင်းရင်းသားတို့သည်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်ကြသော ကယား၊ ကရင်၊ ပအိုဝ်း၊ ရှမ်းတို့နှင့်အတူ တရုတ်ပြည်အနီး “စင်ကီ” ဟူသော အရပ်ဒေသမှ ဆင်းသက်လာသူများ ဖြစ်ကြောင်း ဘိုးဘွားများက ပြောခဲ့ကြပေသည်။ ။

 

(၁) ဆင်းသက်လာရာ လမ်းကြောင်းတစ်လျှောက်တွင် မနုမနော (ကော်ယော်) အခေါ် ပဝိုတလာ၊ မြန်မာလို မန္တလေးတွင် စခန်းချအနားယူခဲ့ကြသည်ဟု ဆိုပါသည်။

 

(၂) ထိုမှတစ်ဆင့် တောင်ဘက်သို့ ဆင်းလာရာ မြစ်ဝကျွန်းပေါ်နှင့်ပင်လယ်ပြင်အထိ ရောက်သွားခဲ့ကြသည်ဟု ဆိုပါသည်။ တောင်ဘက်သို့ ဆက်လက်သွားရန် ဖောင်ဖွဲ့၍ ပင်လယ်ပြင်သို့ ထွက်လာရာတွင် သူတို့ထံပါလာသော တဆေး (တရာမို) အနံ့ကြောင့် မိကျောင်းက အနှောင့်အယှက်ပေးသဖြင့် ရှေ့သို့ဆက်လက်မသွားဝံ့ဘဲ ကုန်းပေါ်သို့ ပြန်တက်ခဲ့ရသည်ဟုဆိုပါသည်။

 

(၃) မြစ်ဝကျွန်းပေါ်မှတစ်ဆင့် သံလွင်မြစ်အတိုင်း ပြန်လည်တက်လာခဲ့ရာ ခဲမဖြူတွင်စခန်းချ၍ အနားယူခဲ့ရပြန်သည်။

 

(၄) ထိုမှတစ်ဆင့် အချို့က မွန်ချောင်းလက်တက်ဖြစ်သော ထူးချောင်းအတိုင်း၊ အချို့က နန်းဖဲချောင်းအတိုင်း အသီးသီး ဆန်တက်ခဲ့ကြရာ ယင်းချောင်း နှစ်ခုကြားရှိဒေသ ယခုဖရူဆိုမြို့နယ်တွင် နေရာချကာ ယနေ့အထိ နေထိုင်လာခဲ့ကြခြင်းဖြစ်သည်ဟု ဆိုပါသည်။

 

အုပ်ချုပ်ရေး

 

မနုမနော(ကော်ယော်)တို့ အုပ်ချုပ်ရေးတွင် “စောဖျာ” သည် အာဏာ အရှိဆုံးဖြစ်သည်။ စောဖျာရာထူးကို မျိုးရိုးစဉ်ဆက် ဆက်ခံရသည်။ သားမရှိလျှင် ညီဆက်ခံ၍ ညီမရှိလျှင် အနီးစပ်ဆုံး ဆွေမျိုးဆက်ခံရသည်။ စောဖျာအစဉ်အဆက်ကို နယ်လူထု သဘောမကျသော်လည်း ဖြုတ်ခွင့်မရှိ၊ စောဖျာလုပ်သူသည် တော်တည့်မှန်ကန်ခြင်း၊ ဩဇာတိက္ကမ ရှိခြင်း၊ သတ္တိကောင်းခြင်း၊ အပြောအဆို ပြေပြစ်ခြင်း စသော အရည်အချင်းနှင့် ပြည့်စုံရပေမည်။ အမှုကိစ္စများကို စောဖျာ လက်အောက်ရှိ သူကြီးများ မဆုံးဖြတ်နိုင်လျှင် စောဖျာမှာအဆင့်မြင့်ဆုံးစီရင် ပိုင်ခွင့်ရှိသည်။ သူကြီးတို့၏တာဝန်မှာ ခိုက်ရန်ဖြစ်ပွားမှုကို ဖြန်ဖြေခြင်း၊ ကျေးရွာ အေးချမ်းသာယာအောင် အုပ်ချုပ်ခြင်းတို့သာဖြစ်သည်။ အင်္ဂလိပ်ခေတ်တွင်လည်း သူကြီးတို့၏တာဝန်မှာ ထိုနည်းအတူပင်ဖြစ်သည်။

 

လူမှုစီးပွားဘဝ

 

မနုမနော(ကော်ယော်)တို့၏ နေထိုင်မှုသဘာဝသည် တောတောင်မှီသဖြင့် အခြားသော ကယားတိုင်းရင်းသား ကဲ့သို့ပင် တောင်ယာလုပ်ငန်းကို လုပ်ကိုင်လေ့ရှိကြသည်။ သူတို့သည် တောင်စောင်းများတွင် နေထိုင်ကြပြီး တောင်ယာကို တောင်စောင်းများတွင် စူးထိုးစိုက်ပျိုးကြသည်။ မြေပြန့်လယ်ယာ လုပ်ငန်းကို လုပ်ကိုင်လေ့မရှိပေ။ ဖရူဆိုမြို့နယ်တွင် ရောနှောနေထိုင်ကြသော ပရဲတို့နှင့် မျိုးနွယ်စုတူ ဂေခိုတို့ကဲ့သို့ တောင်ယာမခုတ်မီ ခုတ်ရမည့်ရက်ကို သိနိုင်ရန် ကြက်ရိုးဗေဒင် မေးလေ့ရှိသည်။ ဗေဒင်အလိုအရ တောင်ယာခုတ်ခြင်း၊ တောင်ယာမီးရှို့ခြင်း စိုက်ပျိုးခြင်းတို့ကိုပြုလုပ်ကြသည်။

 

တောင်ယာလုပ်ငန်းမှာ မိုးရွာသွန်းမှုအပေါ်မူတည်၍ စပါးတင်းတစ်ရာ၊ နှစ်ရာအထိပင် ရရှိကြသည်။ ကယန်းတို့ကဲ့သို့ စုပေါင်းလုပ်ကိုင်လေ့ရှိသည်။ တောင်စောင်းတွင် စပါးကိုစိုက်ပျိုးပြီး အပင်တစ်ထွာခန့် ရှိချိန်၌ သစ်ပင်တစ်ပင်ကို ရွေးချယ်ကာ အထွတ်အမြတ်ထား၍ အိမ်တိုင်းစေ့ ပူဇော်ပသလေ့ရှိသည်။ ထိုအပင်ကို မည်သည့်အခါမှ ခုတ်လှဲခြင်းမပြုဘဲ ကိုးကွယ်ထားကြသည်။ စပါး၊ ပြောင်း၊ ကောက်ပင်တို့ကို စားသုံးရန်သာ စိုက်ပျိုးကြသည်။

 

ဥယျာဉ်ခြံမြေတွင် ကွမ်းသီး၊ ကွမ်းပင်တို့ကို စားသုံးရန် အဓိကထားစိုက်ပျိုးကြသည်။ ပိုလျှံက ဖရူဆိုမြို့ပေါ်တွင် သွားရောက် ရောင်းချကြသည်။ တညင်း၊ ငှက်ပျော၊ လိမ္မော် အနည်းအကျဉ်း စိုက်ပျိုး၍ ဆန်ဖြင့်လဲလှယ်ကြသည်။

 

စီးပွားဖြစ် လုပ်ငန်းတစ်ခုမှာ သစ်တောထွက်ပစ္စည်းဖြစ်သော ချိတ်လုပ်ငန်းပင်ဖြစ်သည်။ ချိတ်အစိုကို ညောင်ပင် (သို့) ချိတ်တွယ်ကပ်သည့် သစ်ပင်အကိုင်းတို့တွင် ချည်ထားခြင်းဖြင့် ချိတ်ကို ပွားအောင်လုပ်ကြသည်။ တစ်နှစ်ကျော်လျှင် ရင့်လာသော သစ်ကိုင်းကို ချိတ်ရှိသည့်နေရာအထိဖြတ်၍ ရောင်းချကြသည်။ အချို့ကချိတ်ကို ခွာ၍ ဝါးကျဉ်တောက်ထဲထည့်ပြီး အရည်ပျော်လာသည်အထိ မီးဖုတ်ကြသည်။ အရည်ကိုအအေးခံ၍ ဝါးကိုခွာလိုက်လျှင် ချိတ်တောင့်များရလာသည်။ မနုမနော (ကော်ယော်) တို့ ကိုင်ဆောင်သော ဓားလက်ကိုင် အရိုးမာထဲတွင် ချိတ်ရည်လောင်းထည့်ခြင်းဖြင့် ပိုမိုခိုင်ခံ့အောင် ပြုလုပ်ကြသည်။

 

တောင်ယာအလုပ်အားချိန်တွင် ငါးရှာလေ့ရှိသည်။ ရေအိုင်ကိုကျောက်များစီ၍ လမ်းပိတ်ကာ ငါးဖမ်းကြသည်။ ပုစွန်၊ ကဏန်းလည်း ဖမ်းကြသည်။ မနုမနော (ကော်ယော်) အမျိုးသားတိုင်း မုဆိုးလိုက်ရန် ဝါသနာပါသည်။ သားကောင်းများကို ထောင်ချောက်လုပ်၍ဖမ်းကြသည်။ အထူးသဖြင့် ပြောင်းကောက်ပင်ကို အမြဲဖျက်ဆီးလေ့ရှိသော ဝက်ဝံကို မောင်းဆင်၍ ဖမ်းလေ့ရှိသည်။ ပြောင်း၊ ကောက်ပင်များကို စင်ပေါ်ထောင်ထားပြီး စင်အောက်တွင်မြားကို ခလုတ်တပ်၍ထောင်သည်။ ဝက်ဝံလာသည့်အခါ ခလုတ်ဖြုတ်ပြီး မြားထိ၍သေစေသည်။ ဖြူကောင်ကို ဂူဝတွင် ကွင်းထောင်ပြီးဖမ်းကြသည်။ ကျားများကို လင့်စင်ထိုး၍ လင့်စင်ပေါ်မှ သေနတ် ဖြင့်ပစ်ခတ်၍ ဖမ်းကြသည်။ ငှက်များကို ညောင်စေးသုတ်၍ ဖမ်းကြသည်။

 

မနုမနော(ကော်ယော်)အမျိုးသမီးတို့မှာ ပျင်းရိသူများမဟုတ်။ အချက်၊ အပြုတ်၊ အဖွပ်၊ အလျှော် အားလပ်သည်နှင့် လက်ရက်ကန်းရက်ကြသည်။ လက်ရက်ကန်းဖြင့် လွယ်အိတ်များရက်ကြသည်။ အမျိုးသား၊ အမျိုးသမီးအားလုံး ရိုးရာခြင်း၊ ပလိုင်း၊ တောင်း ရက်ကြသည်။ မွေးမြူရေးလုပ်ငန်းလည်း လုပ်ကြသည်။ အိမ်သုံးစားသုံးရန်နှင့် ရိုးရာဓလေ့များတွင် အသုံးပြုရန် မွေးမြူခြင်းသာ ဖြစ်သည်။ မနုမနော (ကော်ယော်)အမျိုးသားတို့၏ ပန်းဘဲလုပ်ငန်းလက်ရာ မြောက်ပေသည်။ ။

 

ယခုအခါ နိုင်ငံတော်အနေဖြင့် ကယားပြည်နယ်တစ်ခွင်ရှိ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေဖို့၊ လမ်းတံတားနှင့် မြို့ပြဒေသတို့ အချိုးညီ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ ဆောင်ရွက်ပေးလျက်ရှိရာ မနုမနော (ကော်ယော်) တို့ အများစုနေထိုင်ရာ ဖရူဆိုမြို့နယ်တွင်လည်း လမ်းတံတား၊ မြို့ပြနှင့် ကျေးလက်ဒေသ အဆောက်အဦများ ဥပဓိရုပ်တို့မှာလည်း အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုး တိုးတက်လာခဲ့ပေပြီ။ ထိုသို့ ဖွံ့ဖြိုးတိုးတက်လာခဲ့မှုနှင့်အတူ ဒေသခံ မနုမနော (ကော်ယော်) လူမျိုးတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေဖို့အတွက်ပါ များစွာအထောက်အကူဖြစ်စေပါသည်။

 

ဝတ်စားဆင်ယင်ထုံးဖွဲ့မှု

 

မနုမနော(ကော်ယော်)တို့တွင် အမျိုးသားဆင်ယင်ထုံးဖွဲ့မှုမှာ အချို့နေရာတွင် ကယားနှင့် ခပ်ဆင်ဆင် တူသည်။ မိမိတို့ရက်လုပ်သော ချည်ဘောင်းဘီ အနီရောင်နှင့် အမည်းရောင်တို့ ဝတ်ဆင်ကြသည်။ ရှမ်းဘောင်းဘီရှည် အဖြူကို လည်းဝတ်ကြသည်။ ရောင်စုံ၊ မတ်တတ်စင်း ဂျင်းဘောင်းဘီကိုလည်း ဝတ်ကြသည်။ ဘောင်းဘီတွင် ခါးကြိုးထည့်၍ စည်းကြသည်။ သားရေခါးပတ်၊ အသုံးပြုသည်။ လက်ရက်ထည် ချည်ဖြင့် ကော်လံနှင့် ကြယ်သီးမပါသည့် ရှပ်အင်္ကျီ လက်ရှည်၊ လက်တို၊ အဖြူရောင်ကို ဝတ်ကြသည်။ အပေါ်မှတိုက်ပုံအနက် ဝတ်ကြသည်။ ဦးခေါင်းတွင် ဖိုးခေါင်ပေါင်း ပေါင်းကြသည်။ ရှေးအခါက ဆံပင်ရှည်ထား၍ ဗိုလ်ကေ၊ ဆံတောက်ထားကြသည်။ ကျွဲသားရေ၊ နွားသားရေဖြင့် ပြုလုပ်သော ဖိနပ်စီးကြသည်။

 

အမျိုးသမီးတို့မှာ ဂျပ်ခုတ်ထဘီအနက်ခံ ကန့်လန့်စင်း (သို့) အနက်၊ အနီ၊ အဝါ၊ အပြာ၊ အကွက်ဖော်၍ ဝတ်ကြသည်။ ထဘီအရှည်များ ဒူးအထက်နားထိ ရှည်သည်။ ခါးစည်းဖြူစည်းပြီး ရှေ့တွင် ဖားလျားချထားသည်။ ခါးစည်းအဖျားတွင် သိုးမွှေး၊ ပန်းဖွား၊ အလှအပများ တပ်ဆင်ထားကြသည်။ အင်္ကျီမှာ အထူးချုပ်လုပ်ခြင်းမရှိဘဲ အဝတ်ကို သိုင်းခြုံပြီးလျှင် ခါးစည်းထားသည်။ ပူသောရာသီ၌ ပခုံးတစ်ဖက်သာသိုင်း၍ အေးသောရာသီတွင် နှစ်ဖက်သိုင်း ဝတ်ကြသည်။ ဂျပ်ခုတ်ထည် အနီ (သို့) အနက်ဖြင့် ခေါင်းစည်းကြသည်။ ငွေနှင့်ပြုလုပ်သော နားဆွဲ၊ ငွေလက်ကောက်၊ ငွေပြားဖြင့်သီကုံးသော လည်ဆွဲဝတ်ကြသည်။ ပုတီးစေ့ အစိမ်း၊ အနီ၊ အပြာအဖြူ ရောင်စုံသီကုံး၍လည်း လည်ဆွဲကြသည်။ ဆံပင်ရှည်ထား၍ နောက်တွင် ဆံထုံးထုံးပြီး ဝါးဘီးစိုက်ကြသည်။ ဒူးအောက်၊ ခြေသလုံးအောက်တွင် ကိုယ်တိုင်ကျစ်သော ကြိုးကိုသစ်စေးသုတ်ပြီး အခွေပြုလုပ်၍ ဝတ်ဆင်ကြသည်။

 

လူမှုရိုးရာယဉ်ကျေးမှုဓလေ့များ မနုမနော (ကော်ယော်) တို့၏ ရိုးရာထိမ်းမြားဓလေ့တွင် အောင်သွယ်ငယ်နှင့် အောင်သွယ်ကြီးဟူ၍ နှစ်မျိုးထားလေ့ရှိသည်။ အောင်သွယ်ငယ်မှာ မိန်းကလေးဘက်မှဖြစ်ပြီး အောင်သွယ်ကြီးမှာ ယောက်ျားလေးဘက်မှ ဖြစ်သည်။  စေ့စပ်ကြောင်းလမ်းပွဲ ဟူ၍ မရှိပေ။ အောင်သွယ်ဖြင့် အစစအရာရာ ဆောင်ရွက်ပြီး၍ နှစ်ဖက်မိဘ သဘောတူပြီးလျှင် ကြက်ရိုးထိုးဗေဒင် တွက်၍လည်းကောင်း၊ နှီးချိုး၍လည်းကောင်း မင်္ဂလာရက် သတ်မှတ်သည်။ သုံးလကြာမှ လက်ထပ်ပွဲလုပ်ကြသည်။

 

အောင်သွယ်ရန် မိန်းကလေးအိမ်သို့ သွားစဉ် ချေတောက်သံကြားလျှင်နမိတ်မကောင်း။ အောင်သွယ်မှုကို ဆက်လက် မပြုလုပ်ကြပေ၊ ရက်ကောင်းနေ့မြတ် ထပ်မံရွေး၍ ရွှေ့ဆိုင်းမှုပြုလုပ်ကြသည်။ ချေတောက်သံ ကြားသည်ကို ဂရုမမူဘဲ ဆက်လက်ပြုလုပ်ပါက လက်ထပ်ပြီးလျှင် အိမ်ထောင်ကွဲတတ်သည်။ ယောက်ျား (သို့) မိန်းမ သေဆုံးတတ်သည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် လဆန်းရက်များတွင် ချေများတောက်တတ်၍ လဆန်းရက်ကျော်မှသာ အောင်သွယ်မှုပြုလုပ်တတ်သည်။

 

အောင်သွယ်သည် မင်္ဂလာပွဲပြီးသည်အထိ အစစအရာရာ ဆောင်ရွက်ရသည်။ မိန်းကလေးဘက်မှ ပျက်ကွက်လျှင် ငွေနှင့် လက်သုံးဆုပ်ရှိ ဝက်တစ်ကောင် ပေးလျော်ရသည်။ ယောက်ျားလေးဘက်မှ ပျက်ကွက်လျှင်လည်း ငွေနှင့် နွားတစ်ကောင်ပေးလျော်ရသည်။ ပျက်ကွက်သူက လျော်ကြေးမပေးနိုင်ပါက အောင်သွယ်မှ ပေးလျော်ရ၍ အောင်သွယ် တာဝန်မှာ အလွန်ကြီးလေးလှသည်။

 

ရှေးအခါက လူမျိုးချင်းတူမှ လက်ထပ်နိုင်သော်လည်း ယခုအခါလူမျိုးမရွေး လက်ထပ်နိုင်သည်။ ယောက်ျားပျိုနှင့် မိန်းမပျို တစ်ဦးနှင့်တစ်ဦး ကြိုက်နှစ်သက်၍ ယူသည်ကများသည်။ မိဘသဘောတူပေးစား၍ ယူသည်က နည်းလှပေပြီ။

 

သတိုးသားဘက် အောင်သွယ်မှတစ်ဆင့် ကွမ်းသီး၊ ကွမ်းရွက်၊ အဝတ်အစား၊ လက်ကောက်၊ ကျွဲ၊ နွား၊ ဝက်တို့ကို မိန်းကလေးမိဘထံသို့ မင်္ဂလာကြေးအဖြစ်ပေးရသည်။ မင်္ဂလာပွဲကို မိန်းကလေးအိမ်တွင် ပြုလုပ်ရသည်။ တစ်ရွာသားနှင့် လက်ထပ်လျှင် သတိုးသားရွာတွင် ပြုလုပ်လေ့ရှိသည်။ ကုန်ကျစရိတ်ကို သတိုးသားဘက်က ပို၍ကုန်ကျခံရသည်။ သတိုးသားဘက်က ကျွဲ တစ်ကောင်ပေးလျှင် သတိုးသမီးဘက်က ဝက်တစ်ကောင် ပေးရသည်။ သတိုးသမီး ဘက်မှ သတိုးသားဘက်ကရသည့် ကျွဲကိုသတ်၍ သတိုးသားဘက်သို့ ကျွဲပေါင် တစ်ဖက်ပြန်ပေးရသည်။

 

မင်္ဂလာပွဲ နံနက်ပိုင်းတွင် သတိုးသားအိမ်နှင့် သတိုးသမီးအိမ်တို့ တစ်ပြိုင်တည်း ကျွေးမွေးရသည်။ ဧည့်သည်များက မိမိနှစ်သက်ရာအိမ်သို့ သွားရောက် စားသောက်နိုင်သည်။ ဧည့်သည်များကို ဧည့်ခံရာတွင် သီချင်းမဆိုရဘဲတီးမှုတ်၍သာ ဧည့်ခံရသည်။ သို့သော်အဘိုးအဘွားများက အပြန်အလှန် သီချင်းဆိုနိုင်သည်။ နေ့အချိန် ဧည့်ခံပွဲများ၌ အတီးအမှုတ်မပါဘဲ ကျွေးမွေးရသည်။ ညအချိန်ကျမှသာ တီးမှုတ်ရသည်။ ဧည့်သည်များက ခေါင်ရည်ယူလာကြသည်။ လက်ထပ်ပွဲတွင် ထမင်းဖြစ်စေ၊ ဆန်ပြုတ်ဖြစ်စေ ကျွေးမွေးသည်။ ဟင်းလျာအဖြစ် အနည်းဆုံး ဝက်ထီးတစ်ကောင်၊ ကျွဲတစ်ကောင်သတ်ပြီး ကျွေးမွေးလေ့ရှိသည်။

 

တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြသည်။ အငယ်အနှောင်းယူခြင်း  မနှစ်သက်ကြပေ။ အငယ်အနှောင်း ယူခြင်းလည်း အလွန်နည်းသည်။ ဓလေ့ထုံးတမ်းတွင် မယားငယ် ယူနိုင်သော်လည်း ယူဖြစ်ပါက တစ်အိမ်တည်းမထားရ။

 

မွေးသောကလေးများလည်း အမွေခံစားခွင့်မရှိ။ ကွာရှင်းမှုကို ဆောင်ရွက်ရာတွင် ရပ်ရွာလူကြီးများက ပြုလုပ်ပေးရသည်။ စေ့စပ်၍ မရနိုင်မှသာ ကွာရှင်းပေးလေ့ရှိသည်။ ကွာရှင်းလိုသူက ပစ္စည်းအနည်းငယ်ယူ၍ အိမ်ပေါ်က ဆင်းသွားရသည်။ ကလေးများမိခင်နှင့် လိုက်နေရသည်။ အငယ်အနှောင်းယူပါက မိန်းမဘက်မှပါသော ကလေးနှင့် ယောက်ျားဘက်မှပါသော ကလေး တစ်အိမ်တည်းအတူနေရသည်။ တစ်ခုလပ် အမျိုးသမီးနှင့် အိမ်ထောင်ပြုရာ၌ သားသမီးများအား အမွေပေးရာတွင် ပထမအိမ်ထောင်နှင့်မွေးသော သားသမီးများက အမွေပိုရသည်။ ယောက်ျားသေလျှင် သေသူပိုင်ပစ္စည်း အနည်းငယ်နှင့် ဓားလွယ်၊ သေနတ်ထည့် မြှုပ်လေ့ရှိသည်။ ချမ်းသာသူသေလျှင် သင်္ဂြိုဟ်သောနေရာ ခေါင်းရင်း၌ စပါးကျီ ဆောက်လေ့ရှိကြသည်။

 

ယုံကြည်ကိုးကွယ်မှု

 

မနုမနော (ကော်ယော်) တို့တွင် ရှေးအခါက ရိုးရာအလိုက် နတ်ပူဇော်ကြသည်။ “တန်နာ”ဟူသော နတ်ဘုရားရှိသည်ဟု ယုံကြည်ကြသည်။ ဂါအို၊ ကေဒေ၊ သော်ဘော် နတ်များကိုလည်း ပူဇော်ကြ၏။ အတိဒုက္ခရောက်လျှင် “တန်နာ” ကို တသည်။ သူတစ်ပါးမကောင်းမှု ပြုသည်ကို “တန်နာ” က မင်္ဂလာပေးမည်မဟုတ် ဟု ပြောကြသည်။ နောင်တမလွန်ဘဝ ရှိသည်ဟု အယုံအကြည်ရှိကြသည်။ ငရဲနှင့် နိဗ္ဗာန်ရှိသည်ဟု ယုံကြည်ကြသည်။

 

ယခုအခါ နတ်ကိုးကွယ်မှုနည်းပါးသွားပြီး ခရစ်ယာန်ဘာသာဝင် များပြားလာသည်။ ရွာတိုင်းတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဆောက်ထားသည်။ ကောင်းကင်ဘုံ၌ ဘုရားတစ်ဆူသာ ရှိသည်ဟု စွဲမြဲစွာ ယုံကြည်ကြသည်။ သို့သော် နတ်ရှိသည်ဟု ယုံကြည်ကြသောတောင်ကို အထွတ်အမြတ်ထားလေ့ ရှိသေးသည်။ ငွေတောင်တွင် နတ်ရှိသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ငွေတောင်ပေါ်တွင် ပေါက်ရောက်သော အပင်များကို ခုတ်လှဲခြင်းမရှိပေ။ ငွေတောင်ကဲ့သို့ မော်ချီး၌လည်း နတ်ရှိသည်ဟု ယုံကြည်သော “ဂိုးဖား” တောင်တစ်တောင် ရှိသေးသည်။ ထိုတောင်များပေါ်တွင် တန်ခိုးကြီးသော နတ်များရှိသောကြောင့် အသီးအနှံများ လူတို့မစိုက်ပျိုးဘဲ အလိုအလျောက် သီးကြသည်ဟု ယုံကြည်ကြသည်။ ထိုအသီး အနှံများကို လူသားတို့စားသုံးလိုပါက တောင်ပေါ်တွင် သွားရောက်ခူးစားနိုင်သည်။ အခြားနေရာသို့ ယူဆောင်သွားရပေ။ ယူသွားမိပါက အပြန်တွင် လမ်းရှာမတွေ့ ဖြစ်တတ်သည်။ စုန်းပြုစားခြင်းကိုလည်း ယုံကြည်သည်။ စုန်းမှာ မိန်းမများသာ ဖြစ်တတ်သည်။ တစ္ဆေသရဲရှိသည်။ ရေနစ်သေဆုံးသူ တစ္ဆေဖြစ်၍ ခြောက်တတ်သည်ဟုလည်း ယုံကြည်ကြသည်။ အဆိပ်ခတ်ခြင်းကို အထူးယုံကြည်သောကြောင့် ကျားများဖမ်းလျှင် နှုတ်ခမ်းမွေးကို မီးရှို့လေ့ရှိသည်။

 

အတိတ်နမိတ်

 

မနုမနော( ကော်ယော် ) ဓလေ့ထုံးစံတွင် မှိုခူးရသည် မြင်မက်လျှင် သားကောင် ရတတ်သည်။ ငါးများရတတ်သည်။ အိမ်မီးလောင်သည်၊ ရွာထဲဆင်ဝင်သည်။ သွားကျိုးသည် မြင်မက်လျှင်အိမ်သား၊ ဆွေမျိုးသားချင်း တစ်ယောက်ယောက် သေဆုံးတတ်သည်။ မြေငလျင် လှုပ်သောအခါ ငရုပ်ဆုံထောင်းခြင်း၊ မောင်းတီးခြင်း၊ ဖားစည်တီးခြင်းကို ကမ္ဘာပေါ် လူသားများရှိသေးသည်ဟူ၍ အချက်ပြသည့် သဘောဖြင့် ပြုလုပ်ကြသည်။ စပါးသီးနှံပေါများအောင် စပါးဆုံထဲ (သို့) ထမင်းအိုးထဲလက်နှိုက်သည့် ဓလေ့ရှိသည်။ သစ်တောငှက် အော်လျှင်၊ ငှက်ဆိုးအိမ်ပေါ်သို့ ပျံဝဲလျှင် တောခုတ်သွားသည့်အခါ ဒဏ်ရာရတတ်သည်။ အိမ်ထဲရှိ စပါးကျီပျားစွဲလျှင် စပါးပေါများသည်။ အိမ်အောက်ခြတောင်ပို့ရှိလျှင် လူသေတတ်သည်။  အိမ်တွင် တိရစ္ဆာန် မပွားတတ်ဟူ၍ အယူရှိကြသည်။

 

ရိုးရာတေးဂီတ၊ အက၊ တူရီယာနှင့် ပွဲတော်များ

 

မနုမနော(ကော်ယော်)တို့၏ ရိုးရာတေးဂီတ၊ အက၊ တူရိယာနှင့် ပွဲတော်များမှာ ထိမ်းမြားမင်္ဂလာပွဲတွင် ဧည့်သည်များကို အတီးအမှုတ်ဖြင့် ဧည့်ခံရာတွင် အဘိုးကြီး၊ အဘွားကြီးများက အပြန်အလှန် တေးသီချင်းသီဆိုခြင်း၊ အိမ်သစ်တက်ပွဲတွင် အိမ်ဆောက်ပြီးစီးသည့်နေ့မှစ၍ တစ်ညလုံး ကခုန်မြူးတူးခြင်း၊ ယောက်ျားနှစ်ယောက်က ကပြီး အခြားယောက်ျားများနှင့် မိန်းမများက အပြန်အလှန် တေးသီချင်းသီဆိုခြင်း၊ ကောက်ညှင်းထုပ်ပွဲတော်၊ ဂါဘိုပွဲတော်တို့ကို တစ်နှစ်တစ်ခါ နှစ်စဉ် ကျင်းပခြင်းတို့ ဖြစ်ပါသည်။

 

တူရိယာမှာ ဗုံကြီး၊ ပလွေ၊ မောင်းနှင့်         ဖားစည်တို့ဖြစ်သည်။ ဗုံကိုကောင်းမွန်သော သစ်ပင်ကိုရွေး၍ ထွင်းရသည်။ နွားသရေဖြင့် ထိပ်တွင်ကွပ်ပြီး သားရေဖြင့် စည်းရသည်။ အရှည်နှစ်ပေခွဲခန့်ရှိပြီး အပေါက်ခုနစ်ပေါက် ပါသည်။ ပဉ္စလောက သတ္တုငါးမျိုး ရောစပ်ပြီး ဖားစည်ပြုလုပ်သည်။ တီကူးခေါ်သော ဝါးဂီတာကို သီချင်းဆိုရာတွင် တီးခတ်သည်။

 

ကောက်ညှင်းထုပ်ပွဲတော်

 

ကောက်ညှင်းထုတ်ပွဲတော်ကို မနုမနော (ကော်ယော်) ဘာသာစကားဖြင့်  ဗေးလပ် (ခေါ်) ဒီကူးပွဲဟုခေါ်သည်။ ကောက်ညှင်းထုပ် ဖက်ခူးရန် နေ့ကောင်းရက်မြတ်ကို ကြက်ရိုးထိုး ဗေဒင်မေးကြသည်။ ကောက်ညှင်းထုပ်ဖက်ခူးရာတွင် ကြောင်လျှာရွက်တစ်ရွက်၊ ဆူးနှင်အပင်မှ အရွက်တစ်ရွက်၊ ကင်းပွန်းအကိုင်း တစ်ကိုင်းကိုပါ ခူးခဲ့ရသည်။ ထိုအရွက်များကို လှေကားထိပ်တွင် ချည်ထားခြင်း ဖြင့် နတ်ဆိုးများလာလျှင် ဆူးစူး၍ မဝင်နိုင်အောင်ပြုလုပ်ခြင်းဖြစ်သည်။

 

ပွဲတော်ကျင်းပသည့်ရက်များအတွင်း အကြိုနေ့တွင် အနီးဝန်းကျင်မှရွာသားများက အတီးအမှုတ် အကအခုန်ဖြင့် လာကြသည်။ ရွာခံသားများက ရွာအပြင်ထွက်၍ သေနတ်ဖောက်ကာ ကြိုဆိုကြသည်။ ကြိုဆိုသူများကို ဧည့်သည်များက တွေ့လျှင်တွေ့ချင်း ပြန်လည်သေနတ်ဖောက်ကြသည်။ ရွာထဲသို့ ဝင်သည့်အခါ ရွာသားများက တစ်တန်း၊ ဧည့်သည်များက တစ်တန်း နှစ်တန်းတန်း၍ ရှေ့လှည့် နောက်လှည့် ကကြသည်။ တစ်ဖန် တစ်အိမ်တက်ဆင်း ကကြပြန်သည်။ ကောက်ညှင်းထုပ်ဖြင့် ကျွေးမွေးကြသည်။

 

အကြိုနေ့တွင် ရွာအပြင်၌ အရုပ်တစ်ရုပ်ပြုလုပ်ကြသည်။ အရုပ်၏ ကိုယ်မှာ ပလိုင်း၊ ခေါင်းမှာဘူးသီး၊ ဘူးသီးထဲ၌ ဦးနှောက်အနေဖြင့် မီးခတ်ကျောက် ထည့်ကြသည်။ လက်ကိုသက်ကယ်ဖြင့် ပြုလုပ်၍ အဝတ်ဝတ်ပေးရသည်။ ထိုနေ့တွင် အရုပ်ပြုလုပ်ပြီး ညပိုင်းတွင် အရုပ်ကိုရွာထဲသို့မသွင်းမီ လူနှစ်ယောက်က အရုပ်ကိုလှုပ်ပြီး “အသင် ဘယ်အိမ်မှာနေချင်သလဲ”ဟု အဓိဌာန်ပြုမေးရသည်။

 

ဦးခေါင်းယိမ်းသည့် ဘက်တွင်ရှိသည့် အိမ်သို့ဆိုင်း၊ ဗုံတီးမှုတ်၍လိုက်ပို့ရသည်။ အိမ်ရောက်လျှင် ကျပ်ခိုးစင်ပေါ်တင်၍ ထားရသည်။ ထို့နောက် “အသင်အားဘယ်မှာပစ်ရမှာလဲ” ဟုမေးရသည်။ ဦးခေါင်းလိမ်းသည့် ဘက်သို့ ကောက်ညှင်းထုပ်နှင့်အတူ သွားရောက်၍ ရွာအပြင်ဘက်တွင် စွန့်ပစ်ရသည်။ ပွဲအပြီးအပြန်တွင် အသားအနည်းငယ်၊ ခေါင်ရည်တစ်ကျည်ထောင့်နှင့် ကောက်ညှင်းထုပ်သုံးထုပ်စီ တွဲထားသော နှစ်တွဲ၊ သုံးတွဲစီ လက်ဆောင်ပေးလိုက်ကြပါသည်။

 

ဂါဘိုပွဲတော်

 

ဂါဘိုပွဲတော်မှာ ကြက်ရိုးဗေဒင်မေး၍ ရွေးချယ်ထားသော ဂါဘိုပင်ကို ပူဇော်ပသခြင်း ဖြစ်သည်။ ထိုအပင်ကို မြင့်မြတ်သောအပင်ဟု ယူဆကြသည်။ ထိုဂါဘိုပင်တွင် တစ်နှစ်တစ်ကြိမ် နွားသတ်၍ ပူဇော်ခြင်းဖြစ်သည်။ ပူဇော်သည့် သားကောင်၏ ခြေသည်း၊ လက်သည်း၊ အမြီး၊ ခွာ၊ နားရွက်၊ လျှာဖျားတို့ကိုလှီး၍ ဂါဘိုပင်အနီးတွင် ဆောက်လုပ်ထားသောစင်ပေါ်၌ ထားရသည်။ ထို့အပြင် အခွံ ခွာ၍ ဦးနှောက်ထုတ်ပြီးသော ဦးခေါင်းကို အထက်ဖော်ပြပါ ပစ္စည်းတို့နှင့်အတူ ပူဇော်ထားခဲ့သည်။ ဤကဲ့သို့ပူဇော်ရခြင်းမှာ ရပ်ရွာတည်မြဲရေး၊ အေးချမ်းသာယာရေး၊ ဆန်စပါးသီးနှံ ကောင်းမွန်ရေးအတွက်ဖြစ်သည်။

 

မနုမနော(ကော်ယော်)တိုင်းရင်းသားတို့၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံသည် မိမိတိုင်းပြည်၊ မိမိတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များပင် ဖြစ်သည်။ ဒေသတစ်ခုနှင့်တစ်ခု တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး တူညီသော မတူညီသော ဓလေ့များရှိနိုင်သည်။ ဓလေ့ဆန်းတစ်ခုသည် မတူညီသော အကြောင်းတရား မဟုတ်ဘဲ ပြည့်စုံမှု အင်္ဂါတစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် ကယားတို့ဌာနေ၊ ငွေတောင်နယ် တောင်ညိုတန်းရိပ်က မနုမနော( ကော်ယော်) တို့၏ ရိုးရာဓလေ့များကို လေ့လာလိုသူများ လွယ်လင့်တကူ သိရှိနိုင်ရန် တိုင်းရင်းသား ချစ်ကြည်ရေးစိတ်ဓာတ်ဖြင့် လေ့လာရှာဖွေ စုစည်းရေးသားလိုက်ရပါသည်။

 

 

မှီငြမ်းကိုးကား -

၁။ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများ(ကယား)။

၂။ တို့တိုင်းရင်းဘွား၊ပြည်ထောင်စုသား-ဦးမင်းနိုင်။

၃။ ကယားပြည်နယ် ခုနှစ်စင်ကြယ်(ပြည်နယ်ယဉ်ကျေးမှု)။

၄။ ပြည်ထောင်စုသားတို့၏ ရိုးရာထိမ်းမြားမင်္ဂလာဓလေ့-တက္ကသိုလ် ၊သျှင်သီရိ။

၅။ မနုမနော၊ တို့သွေးချင်း- မောင်မောင်ကျော့ (ပလက်ဝ)၊ နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း (၁၄၃/၂၀၁၁) နှင့် ကိုယ်တိုင်လေ့လာမှု မှတ်တမ်းများ။