ကယားတို့ဌာနေ ငွေတောင်ပြည်မှ “ဂေဘား” တိုင်းရင်းသားညီနောင်များ

သတင်းဆောင်းပါး - မောင်မောင်ကျော့(ပလက်ဝ)

 

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀) ပွဲတော်ကြီး တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးအုပ်စုကြီးရှစ်မျိုးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းတို့ဖြစ်ကြသည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ဝ၊ ကိုးကန့်၊ တအောင်း (ပလောင်) တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနပြခန်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များပြခန်းတို့ကို လေ့လာခွင့်ရရှိခဲ့သည်။ ။

 

ပွဲတော်ကြီး၏ စတုတ္ထမြောက်နေ့တွင် စာရေးသူ ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းကို လေ့လာဖြစ်ခဲ့ပါသည်။

 

ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း

 

ယခုနှစ်တွင် ကယားတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပသည့် ပွဲဖြစ်သည့် အတွက် ကယားလူမျိုးတို့၏ တံခွန်တိုင်ကို ခမ်းနားစွာ ထားရှိမှုနှင့်အတူ ကယားလူမျိုးတို့၏ တံခွန်တိုင် အကကို ကြည်နူးဖွယ် မြင်တွေ့ခံစားခဲ့ရပါသည်။

 

ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းကို ဝင်လိုက်သည်နှင့် အဝင်ဝထောင့်ဘက်တွင် ကယားတိုင်းရင်းသားတို့ နေထိုင်ရာ ရိုးရာအိမ်ပုံစံငယ်ကို ဒေသထွက်သစ်ခွပန်းများဖြင့် အလှဆင်ပြထားသည်ကို တွေ့ရသည်မှာ မျက်စိပသာဒ ရှိလှသည်။ ထို့ပြင် ကယားတိုင်းရင်းသားတို့၏ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ဝတ်စားဆင်ယင်မှုများ၊ အထင်ကရနေရာများ၏ မှတ်တမ်းဓာတ်ပုံများ၊ လက်မှုပစ္စည်းများ၊ စာပေယဉ်ကျေးမှု သင်ရိုးညွှန်းတမ်းများကို စိတ်ဝင်စားဖွယ်လေ့လာခွင့် ရရှိခဲ့သည်။

 

ပြခန်းအတွင်းပတ်လည်တွင် ကယားပြည်နယ်၏ အထင်ကရနေရာများဖြစ်သည့် လွိုင်ကော်မြို့ရှိ ဟော်နန်း၊ ကယားတိုင်းရင်း သားတို့၏ တံခွန်တိုင်များ၊ ဘီလူးချောင်း အမှတ်(၃) ရေအားလျှပ်စစ် စက်ရုံပုံစံငယ်နှင့်အတူ အထင်ကရ တောင်ကွဲစေတီ၊ ရေနီ ပေါက်ဂူ၊ ဆင်တောင်၊ သဘာဝလိုဏ်ဂူ အစရှိ သည်တို့ တည်ရှိရာနေရာများကို ဗီနိုင်းများဖြင့် ပြသထားသည်။ ။

 

“အခုလို ပြခန်းတစ်ခုဖြစ်လာဖို့အတွက် လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။ ဒီလိုအောင်အောင်မြင်မြင် ပြသနိုင်ဖို့ ကယားနဲ့ကယားမျိုးနွယ် စုတွေအားလုံး ကူညီပေးခဲ့ကြတာဖြစ်ပါတယ်” ဟု ဌာနေတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇက်အောင်လေးက ပြောသည်။

 

ကယားအစုကို ၁၉၉၈ ခုနှစ် မေလထုတ် ယနေ့ မြန်မာအတွဲ(၁)၊ အမှတ်(၂)စာအုပ်တွင် ကယား၊ ကယန်း (ပဒေါင်း)၊ ဂေခို၊ ဂေဘား၊ ပရဲ (ကယော)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်၊ ဇယိမ်းဟူ၍ ကယားမျိုးနွယ်စု ကိုးမျိုး မှတ်သားခဲ့ဖူးပါသည်။ ပြခန်းတွင် ကယား၊ ကယန်း၊ ကယော၊ ဘား၊ မနုမနော၊ ယင်းတလဲခြောက်စု၏ ဝတ်စားဆင်ယင်မှုများကို ရုပ်တုများဖြင့် လှပစွာပြင်ဆင်ပြသထားသည်ကို စိတ်ကြည်နူး ဖွယ်မြင်တွေ့ခဲ့ရသည်။ ကျန်ကယားသုံးစု မတွေ့ရသဖြင့် ပြခန်းတာဝန်ခံ ဒေါ်ချစ်နိုဝင်ဘာ (ဂေဘားတိုင်းရင်းသူ) အား စေ့ငုမေးမြန်းဖြစ်ခဲ့ ပါသည်။

 

ဒေါ်ချစ်နိုဝင်ဘာက ကယားအစုတွင် ကယား၊ ဂေဘား၊ ယင်းတလဲတို့မှာ ယခင်အမည် ဖြင့် သုံးစွဲကြကြောင်း၊ “ပရဲ” က "ကယော” “မနုမနော” က “ကော်ဖော်” ဟူ၍ သုံးစွဲလာ ကြောင်း၊ ကယန်းတွင်မူ ကယန်းကခေါင်း၊ ကယန်းကဒေါ့၊ ကယန်းကငန်၊ ကယန်းလဲထဟူ၍ လေးမျိုးရှိကြောင်း၊ ကယန်းကခေါင်း ကို မြန်မာတို့ ရှေးအခါက ပဒေါင်းဟု ခေါ်ကြောင်း၊ ယခုအခါ ကယန်း(ပဒေါင်) (သို့)ကယန်းဟုခေါ်ကြောင်း၊ ကယန်းကဒေါ့မှာ ဂေခို၊ ကယန်းကငန်မှာ ယင်းဘော်၊ ကယန်းလဲ ထမှာ ဇယိမ်းဟူ၍ ခေါ်ဆိုလာကြခြင်း ဖြစ်ကြောင်း၊ ယခုပြခန်းတွင် ကယန်းလေးမျိုးကို ပေါင်းစုပြသထားခြင်းကြောင့် ကယားခြောက်စုဟု ထင်ရခြင်းဖြစ်ကြောင်းနှင့် ပြခန်း တာဝန်ခံများမှ လုပ်ဆောင်နေသည့်လုပ်ငန်းစဉ်များ၊ ဂေဘားလူမျိုးတို့၏ စာပေယဉ်ကျေးမှု ဆိုင်ရာများကို ဘာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးရှင်းလင်း ပြောကြားပေးပါသည်။ ။

 

ဤသို့ ဆွေးနွေးပြောကြားပေးခဲ့သည့် အကြောင်းအရာများကို အခြေခံ၍ ဂေဘာ တိုင်းရင်းသားတို့၏ သမိုင်းကြောင်း၊ ရိုးရာ ယဉ်ကျေးမှုဓလေ့၊ လူမှုစီးပွားဘဝ စသည်တို့ကို ဆက်လက်လေ့လာဖြစ်ခဲ့သည်။ ထိုသို့ လေ့လာမှတ်သားမိသည်များမှ ဂေဘာ တိုင်းရင်းသားတို့အကြောင်း မည်သို့မည်ပုံ ရှိသည်ကို လေ့လာလိုသူများ သတင်းစာ စာမျက်နှာပေါ်မှသိရှိစေရန် ယခုဆောင်းပါး ရေးသားရခြင်း ဖြစ်ပါသည်။ ။

 

ဂေဘားလူမျိုး

 

ကယားတိုင်းရင်းသားတို့ကို ကေဘား၊ ကယ်ဘား ဟူ၍ အမျိုးမျိုးခေါ်ကြသည်။ သူတို့နှစ်သက်သည့် အမည်မှာ ဂေဘား ဖြစ်သည်။ ဂေဘားစကားကိုပင် ပြောဆိုကြသည်။ ဂေးစကားနှင့်နီးစပ်သော စကားပြောသည့် လူမျိုးများမှာ ပရဲ(ကယော)၊ မနုမနော (ကော်လော်) တို့ဖြစ်သည်။ ၁၉၆၅ ခုနှစ် ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပသော (၁၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းကြီးကြပ်ရေးကော်မတီ တိုင်းခွဲ(၉)မှ တင်ပြသည့် စာရင်းအရ ကယားပြည်နယ်တွင် ဂေဘာတိုင်းရင်းသား ၄၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။ ယခုအခါ ကယားပြည်နယ် တွင် ၁၀၀၀၀ ခန့်ရှိနိုင်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် သံတောင်မြို့နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း တောင်ငူမြို့နယ်၊ နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနားနှင့် မွန်ပြည်နယ် သထုံမြို့သို့တိုင် ဖြန့်ခွဲနေထိုင်ကြသူများပါ ထည့်တွက်ပါက ၄၀၀၀၀ ကျော်ခန့်ရှိနိုင်သည် ဟု ဒေါ်ချစ်နိုဝင်ဘာက ပြောသည်။ ဂေဘား တိုင်းရင်းသားများကို ကယားပြည်နယ်အတွင်း ဖရူဆိုမြို့နယ် ကေကော၊ ရော်ဒေါ်ခေါနှင့် လွိုင်ကော်မြို့နယ် မထောနူးကျေးရွာနှင့် မြို့ပေါ် ရပ်ကွက်များတွင် စုစုခဲခဲတွေ့ရသည်။

 

ဆင်းသက်ပေါက်ဖွား ဂေဘားတိုင်းရင်းသား

 

ဂေးတို့ ဆင်းသက်လာပုံနှင့် ပတ်သက်၍ ကယားတိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းတွင် ဂေဘာတိုင်းရင်းသားတို့မှ ပေးဝေငှသည့် လက်ကမ်းစာစောင်တွင် ဂေဘားတို့သည် မွန်ဂိုလွိုက် (အသားဝါ) မျိုးနွယ်စုမှဆင်းသက်လာသည့် တိဘက်မြန်မာ ဘာသာစကားပြောအုပ်စုဝင် လူမျိုးတစ်မျိုး ဖြစ်ကြောင်း၊ မွန်ဂိုလွိုက်အနွယ်ထဲမှ ကရက် တိဘက်မြန်မာမျိုးနွယ်စု တစ်စုဖြစ်ကြောင်း၊ တရုတ်ပြည် ယူနန် ရှမ်းတို့အခေါ် ယန်မျိုးနွယ် စုမှ ဆင်းသက်လာသည်ဟုလည်း သမိုင်းပညာ ရှင်များ အဆိုရှိသည်။

 

ဟန်မျိုးနွယ်စုသုံးစုတို့သည် မွန်ဂိုလီး ယားဒေသမှ ဘီစီ ၂၀၁၇ တွင် တောင်ဘက်သို့ တရွေ့ ရွေ့ပြောင်းရွှေ့ခဲ့ရာ ဦးစွာတိဘက်ဒေသသို့ အခြေချခဲ့သည်။ ဘီစီ ၁၃၈၈ တွင် တိဘက်ဒေသမှ ယူနန်ဒေသသို့ ရောက်ရှိခဲ့ကြကာ သံလွင်မြစ်နှင့် မဲခေါင်မြစ်ကြားတောင်တန်း တောင်ကုန်းများအတိုင်း ဆင်းသက်ခဲ့ရာ ဘီစီ ၇၄၁ တွင် ယူနန်ဒေသမှ ယခုကယားနယ် ရွာသစ်ရွာနယ်စပ်တစ်နေရာ မှ အနောက်ဘက်ရှိ ထီးရော်ခိုတောင်တန်းကို ဖြတ်ကာ မြန်မာနိုင်ငံ စစ်တောင်းမြစ်ဖျား ရမည်းသင်းနယ်နှင့် တောင်ငူနယ်အရှေ့ဘက် တောင်တန်းဒေသတို့တွင် အများဆုံးအခြေချ နေထိုင်ခဲ့ကြသည်။

 

ထိုသို့ ဂေဘားမိသားစုခြောက်စု စုစည်း၍ ဆင်းသက်ခဲ့ရာ တစ်စုမှာ ကန္တာရဝတီနယ်၊ ကြယ်ဖိုးကြီးနယ်တို့ ပါဝင်သည့်ယခု ကယားနယ် သို့ စုစည်းနေထိုင်ခဲ့ကြသော ကယားအုပ်စုဝင် ဂေဘားတို့ပင် ဖြစ်ပေသည်။ ဖဲကွမ်းအုံအစုမှာမူ စမုံမြစ်၊ စစ်တောင်းမြစ်နှင့် ဆွာချောင်းတစ်ဝိုက် ရမည်းသင်းနယ်နှင့် ပေါင်းလောင်းမြစ်အနောက်ဘက်နှင့် အရှေ့ဘက်တောင်ပေါ်ဒေသများတွင် ကွမ်းအုံသား၊ ကွမ်းအပ်သား အမည်ဖြင့် ရွာများ တည်ထောင်ကာ နေထိုင်ခဲ့ကြသူများဖြစ်ကြသည်ဟု ရေးသားထားပါသည်။

 

ပျံ့နှံ့နေထိုင်မှုနှင့်အုပ်ချုပ်ရေး

 

ကရင်ပြည်နယ် မြောက်ပိုင်း(ယခင် တောင်ငူခရိုင်) လိပ်သိုနယ်၊ သံတောင် မြောက်ပိုင်း ပျဉ်းမနားနယ်နှင့် လယ်ဝေးနယ် အရှေ့ဘက်တောင်တန်း၊ ကယားပြည်နယ် လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော မြို့နယ်တို့တွင် ဖြန့်ခွဲနေထိုင်လျက်ရှိကြသည်။

 

ရှေးအခါက စော်ကဲစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မရှိတော့ပါ။ အများကြည်ညို လေးစားသူ ရပ်ရွာလူကြီးတစ် ဦးဦးက ဦးဆောင်၍ စီမံခန့်ခွဲအုပ်ချုပ်ကြသည်။

 

ရုပ်ရည်သွင်ပြင်နှင့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ယန်(ကရင်)သုံးစုတွင် တစ်စုအပါ အဝင်ဖြစ်သဖြင့် ပုံပန်းသွင်ပြင် တူညီကြသည်။ မေးရိုးကား၍ ကိုယ်လုံးကိုယ်ထည် ခပ်ပြားပြား ဖြစ်သည်။ အမျိုးသားများသည် ရှေးအခါက ကိုယ်တိုင်ရက်လုပ်သော ဂျပ်ခုတ်ရက်ကန်းထည် ဘောင်းဘီအပွထည် ဝတ်ကြသည်။ ထို့နောက် ပိတ်ထူအနက်ရောင် ဝတ်ဆင်ကာ အနံတစ်ထွာ၊ အရှည်သုံးတောင်ရှိ ခေါင်းပေါင်း အဖြူပေါင်းကြသည်။ လက်ရက်ထည်ကို အင်္ကျီလက်များနှင့် ကိုယ်ထည်တွင်အနီစင်း များဖော်၍ ရက်လုပ်ပြီး ဝတ်ဆင်ကြသည်။ ဆံပင်အရှည်ထား၍ သျှောင်တင်းတင်းထုံး လေ့ရှိကြသည်။ လက်စွပ်ဝတ်ကြပြီး ငွေနားတောင်းလည်းပန်ဆင်ကြသည်။ ။

 

ယခုအခါ အပေါ်ပိုင်းအဖြူ၊ အောက်ပိုင်း ကြက်သွေးရောင်ဖျော့ သင်တိုင်းကို ဝတ်ကြပြီး ကြက်သွေးရောင်၊ အနက်ရောင်ဘောင်းဘီ ဝတ်ကြသည်။ အချို့မှာ အဖြူခံ နီဝါပြာ ဒေါင်လိုက်အစင်း၊ အောက်ပိုင်း ကြက်သွေး ရောင်ပန်းထိုးသင်တိုင်းနှင့်ကြက်သွေးအနက်ရောင် ခွဘောင်းဘီဝတ်ကြသည်။ နားဖောက်၍ ချိုစောင်းတွင် သျှောင်ထုံးကိုဝါးဘီးဖြင့် ထုံးကြသည်။ ခေါင်းပေါင်းပြီး လွယ်အိတ် လွယ်လေ့ရှိသည်။ ။

 

အမျိုးသမီးတို့မှာ ကိုယ်တိုင်ရက်လုပ် ဂျပ်ခုတ်ထည်ဖြင့် သင်တိုင်းကဲ့သို့ အင်္ကျီ အရှည်အနက်ရောင် လက်ပြတ်ကို ကိုယ်တိုင် ရက်လုပ်ပြီး ဝတ်ဆင်ကြသည်။ လက်ဖျားနှင့် ကိုယ်ထည်အနား တစ်လျှောက်တွင် ပန်းရောင်စုံအလှထိုး၍ ဝတ်ဆင်ကြသည်။ ရှေးအခါက တစ်ထည်တည်းဝတ်၍ နောက်ပိုင်းတွင် အင်္ကျီအဖြူကို ဝတ်ဆင်လာကြသည်။ အပေါ် အင်္ကျီမှာ ရောင်စုံဝတ်သော်လည်း အညစ်ခံစေရန် အနက်ရောင်ကိုသာ အများဆုံးဝတ် လေ့ရှိသည်။

 

ယခုအခါ နေလကြယ်ပန်းထိုးအပေါ် ဖြူနှင့် အောက်ပိုင်းစပါးနှံပန်းထိုး ကြက်သွေး ဖျော့သင်တိုင်းကိုဝတ်ကြပြီး ကြက်သွေးရောင် အောက်ခံဖားစည်ရေလှိုင်း အဆင်ရောင်စုံ ထဘီကို ဝတ်ဆင်ကြသည်။ အချို့မှာ အနက်ခံပေါ်တွင် ဖားစည်ပါ ပန်းခက်အကွက်နှင့်၊ အောက်ပိုင်း ကြက်သွေးရောင် ပန်းထိုးသင် တိုင်းတိုဝတ်ကြပြီး ကြက်သွေးရောင်အောက် ခံဖားစည် ရေလှိုင်းရောင်စုံထဘီကို ဝတ်ဆင်ကြသည်။ ပန်းရောင်ပဝါကို ဦးခေါင်းတွင် ၂ ပတ်လေ့ရှိသည်။ ပယင်းပုတီး၊ ငွေမတ်စေ့၊ ငွေပြားနှင့်ကြိတ်သီးများကို သီပြီးဆွဲလေ့ရှိ သည်။

 

လူမှုစီးပွားဘဝ

 

ဂေဘားတို့ နေထိုင်မှုသဘာဝသည် တောတောင်ခိုမှီသဖြင့် စူးထိုးစနစ်ဖြင့် တောင်ယာလုပ်ကိုင်ကြသည်။ ဖရူဆို မြို့နယ်တွင် ရောနှောနေထိုင်ကြသော ပရဲ(ကယော)နှင့် ဂေခို(ကယန်းကဒေါ့) တို့ကဲ့သို့ တောင်ယာ မခုတ်မီခုတ်မည့်ရက်ကို သိနိုင်ရန် ကြက်ရိုးဗေဒင်မေးလေ့ရှိသည်။ ဗေဒင်အလိုအရ တောင်ယာခုတ်ခြင်း၊ တောင်ယာမီးရှို့ခြင်းတို့ကို ပြုလုပ်ကြသည်။ လယ်ယာများကို မိသားစုအနေဖြင့် ဝိုင်းဝန်း စိုက်ပျိုးကြသည်။ ကျယ်ပြန့်သောလယ်ကွက်များကိုလည်း ရပ်ရွာသူ၊ ရပ်ရွာသား အားလုံး ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည်။ လယ်ယာမြေကို ရွေးချယ်ရာတွင် မြေတူးကြည့်၍ အချဉ်ဓာတ်ပါသောမြေ၊ တောရင့်ရာ မြေကိုရွေး၍လယ်ယာဖော်ထုတ် ကြသည်။ မြေနီကိုရှောင်ကြသည်။ လယ်ယာတွင်လည်း စပါးစူးထိုးစိုက်ကြရာ စပါးစူးထိုး သည့်အခါ၁၂ယောက်မျှတန်းစီထိုးကြသည်။ စူးမထိုးခင် စပါးလိပ်ပြာခေါ်ရသည်။ ထို့နောက် စူးထိုးသူတို့ကို ခေါင်းဆောင်လုပ်သူက"ထိုးတော့" ဟုပြောမှ စူးထိုးရသည်။

 

ဂေဘားတို့သည် တစ်ဦးတည်း ငါးရှာ ထွက်ကြသည်။ အမျိုးသမီးတို့လည်း ငါးရှာလေ့ရှိသည်။ ငါးရှာရာတွင် ဂေခို(ကယန်းကဒေါ့) တို့ကဲ့သို့ ဟုန်း(အဆိပ်ရည်)ကို သုံးကြသည်။ ကုလားကင်ပွန်းသီးကို ထုပြီး အရည်ဖျန်း၍လည်း ငါးရှာကြသည်။ တောင်ယာအားလပ်ချိန်တွင် အမဲလိုက်ကြသည်။ ကြက်ကို ကျော့ကွင်းနှင့် ဖမ်းသည့် ကြက်တယ်ခြင်း၊ ကျားကိုသံညှပ်ထောင်ဖမ်းခြင်း၊ ရှဉ့်ကို တုံးထောင်ဖမ်းကြသည်။

 

မွေးမြူရေးကို စီးပွားဖြစ်မဟုတ်ဘဲ လိုသည့်အခါ စားသုံးရန်သာ မွေးကြသည်။ ကျွဲ၊ နွားတို့ကို ထိန်းကျောင်းခြင်း မရှိဘဲ တောထဲတွင် လွှတ်မွေးကြသည်။ အမဲလိုက်ခွေးကိုလည်း မွေးကြသည်။ ဝက် ကို ရွာအတွင်း လွှတ်မွေးကြပြီး ဖွဲနုကျွေး မွေးမြူသည်။ နွားထီးကို ဝန်တင်တိရစ္ဆာန် အဖြစ်သုံးကြသည်။

 

ဥယျာဉ်ခြံတွင် ကွမ်းသီး၊ တညင်း၊ လိမ္မော်၊ ဒူးရင်း၊ ကော်ဖီ၊ ချဉ်ပေါင်၊ ငှက်ပျော၊ ကြက်မောက်တို့ စိုက်ပျိုးကြသည်။ စိုက်ပျိုးသီးနှံကို ဖရူဆိုမြို့ပေါ်သို့ သွားရောက် ရောင်းချကြသည်။ ဆန်ဖြင့်လည်း လဲလှယ်ကြသည်။ ဂေဘားတို့နေထိုင်ရာ အနီးဝန်းကျင်တွင် မြေစေးမရှိ၍ အိုးခွက်လုပ်ငန်း မလုပ်ကိုင်နိုင်ချေ။ အခြားတိုင်းရင်းသားတို့ထံမှ ဝယ်ယူ၍လည်းကောင်း၊ အသီးနှံတို့ဖြင့် လဲလှယ်၍လည်းကောင်း၊ သုံးစွဲကြသည်။ ဖျာများတွင် အနီ၊ အဝါ၊ အဖြူ၊ အကွက်များဖော်၍ ရက်လုပ်ကြသည်။ မိုးရာသီနှင့် ပေါင်းထိုးစဉ်ဆောင်းရန် နှီး ခမောက်များရက်လုပ်ကြသည်။ ချည်ခင်ကို အရောင်ဆိုးပြီး ဂျပ်ခုတ်ထည်များ ရက် သည်။

 

ယုံကြည်ကိုးကွယ်မှု

 

ဂေဘားတို့သည် ရှေးအခါက ရိုးရာနတ်ကိုးကွယ်ခဲ့ကြသည်။ ယဇ်ပူဇော်သော နေရာပုံသေ သတ်မှတ်ခြင်းမရှိ။ နတ်ထိန်း ညွှန်ကြားသည့်နေရာသို့ တိရစ္ဆာန်များယူဆောင်သွားပြီး ပူဇော်ပသကြသည်။

 

တောစောင့်နတ်၊ တောင်စောင့်နတ်များကိုလည်း ပူဇော်ကြသည်။ အေဒီ ၁၈၅၃ ခုနှစ် နောက်ပိုင်း ခရစ်ယာန်ဘာသာသို့ သက်ဝင်ယုံကြည်လာကြသည်။ ကောင်းကင်တွင် ဘုရားတစ်ဆူရှိသည်ဟူ၍ကား သိရှိကြသည်။ ခရစ်ယာန်ရဟန္တာ၊ မယ်တော်မာရီရုပ်တုများကို ရွာတိုင်းရှိ ဘုရားကျောင်းနှင့် အိမ်တိုင်းတွင် ထားရှိကိုးကွယ်ကြသည်ကို တွေ့ရသည်။ ယင်းမတိုင်မီ ဗုဒ္ဓဘာသာကိုးကွယ်သူများ လည်းရှိခဲ့သည်။

 

စာပေ၊ ဘာသာစကား

 

ရောမအက္ခရာကို အခြေခံ၍ အသံဖလှယ် ထားသည့် စာပေရှိသည်။ သရ၊ ဗျည်းပေါ်တွင် နိမ့်သံ၊ မြင့်သံ သင်္ကေတအသုံးပြုထားသည်။ ၁၉၆၈ ခုနှစ်တွင် ခရစ်ယာန် သာသနာပြုများက စတင်တီထွင်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော တိုင်းရင်းသား စာပေများကို ကျောင်းသင်ဘာသာရပ်အဖြစ် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမှုကို ဂေဘာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စာပေ သင်ကြားပေးမှုအပိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဂေဘားဘာသာ စကားတစ်မျိုးကို ပြောဆိုကြသည်။

 

လူမှုရေးရိုးရာဓလေ့များ

 

ဂေဘားတို့၏ သားသမီးများ လိမ္မာရေးခြားရှိလာစေရန် ဆောင်ရွက်ပုံမှာ ကလေးများ လူလားမြောက်သည့်အခါ လူ့အဖွဲ့အစည်း တွင် အံဝင်ခွင်ကျဖြစ်အောင် ရိုးရာဓလေ့ထုံးစံ များကို စနစ်တကျသင်ကြားပေးလေ့ရှိသည်။ ရှေးအခါက ရပ်ရွာတွင် စာသင်ကျောင်းများ မရှိခဲ့၍ နီးစပ်ရာ ကျေးရွာများတွင် ရေးတတ်၊ ဖတ်တတ်ရုံသာ ပညာသင်ကြားပေးပြီး ရိုးရာတောင်ယာလုပ်ငန်းကို လုပ်ကိုင်စေခဲ့သည်။ ယခုအခါ အနီးဝန်းကျင်တွင် အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ပေးနိုင် ခဲ့ပြီးဖြစ်၍ အခြေခံပညာအဆင့်ထိသင်ယူနိုင် ကြသည့်အပြင် တက္ကသိုလ်၊ ကောလိပ်သို့တိုင် တက်ရောက်သင်ကြားကြပြီး အစိုးရအမှုထမ်း၊ အကြီးအကဲတို့ပင် ဖြစ်လာခဲ့ပေပြီ။

 

ဂေဘာတို့၏ ရိုးရာဓလေ့ထုံးစံတွင် ယောက်ျားလေးများ အရွယ်ရောက်သောအခါ မိန်းကလေးများကို အပြိုင်ပိုးပန်းနိုင်သည်။ မိန်းကလေးအိမ်သို့ သွားရောက်လည်ပတ်နိုင်သည်။ လူငယ်နှစ်ဦး စကားပြောစဉ်မိဘများက မနီးမဝေးနေ၍ စောင့်ကြည့်ပေးသည်။

 

ရှေးအခါက အိမ်ထောင်ဖက်ရွေးချယ်ရာတွင် လူငယ်များက မိဘစကားနားထောင်ကြသည်။ မိဘရွေးချယ်ပေးသည့် အိမ်ထောင်ဖက်ကို ထိမ်းမြားကြသည်။ ယခုအခါ လူငယ်အချင်းချင်း နှစ်သက်၍လည်း ထိမ်းမြားနိုင်သည်။ ဂေဘာတို့၏ ထိမ်းမြားမင်္ဂလာဓလေ့ကို နောင်တွင် သီးခြားဆောင်းပါး တစ်ပုဒ်ရေးသား ပါမည်။ ။

 

အမွေဆက်ခံရေးမှာ လယ်၊ တောင်ယာ များကို သားများအားပေး၍ အိမ်သုံးပစ္စည်းနှင့် သီးနှံစိုက်ပျိုးရာ ဥယျာဉ်ကိုသမီးများအား ပေးလေ့ရှိသည်။ အတွင်းပစ္စည်းများကိုကား သားသမီးအားလုံးကို ခွဲဝေပေးလေ့ရှိသည်။ မိဘများ မသေဆုံးမီကတည်းက သားသမီးများထဲမှ အကြီးဆုံး(သို့) ရပ်ရွာလူကြီးတို့အား မိဘသေဆုံးပါက အမွေခွဲဝေပေးရန် မှာကြားခဲ့ရသည်။ တရားဥပဒေနှင့်ပတ်သက်၍ တစ်ဦးတောင်ယာသည် အခြားတစ်ဦးကြောင့် ပျက်စီးပါက ပျက်စီးမှုပေါ်မူတည်၍ လျော်ကြေးပေးရသည်။ ခိုးမှုဖြစ်ပါက သူကြီးထံတိုင်ရသည်။ လူသတ်မှုဖြစ်ပါက သေစားသေစေ အပြစ်ပေး ခံရသည်။ တရားစီရင်ရာတွင် ကျမ်းကျိန်ရသည်။

 

ရှေးအခါက လူဝင်စား၊ ဥစ္စာစောင့် ရှိသည်ဟု ယုံကြည်ခဲ့ကြသော်လည်း ယခုအခါ ပပျောက်ခဲ့ပြီ။ ဖုတ်ဝင်လျှင် ပရိတ်ရည်ပက်ဖျန်းလေ့ရှိသည်။ အတိတ်နိမိတ်အနေဖြင့် ငှက်ဆိုး ထိုးလျှင် လူသေတတ်သည်။ ရွာတွင် ချေဝင် လျှင် ရွာပျက်မည့်လက္ခဏာရှိသည်ဟု ယုံကြည်ကြသည်။ ဒီးဒုတ်၊ စွန်ငှက်များကို စုန်းဟု မှတ်ယူကြ၍ ခေါင်မိုးပေါ်လာရောက် နားခြင်းကို မနှစ်သက်ချေ။ ငှက်အော်လျှင် တစ်စုံတစ်ခုဖြစ်တတ်ကြောင်းနှင့် ခွေးများ ညအချိန်မတော်အူလျှင် မကောင်းသည့်နိမိတ် ဟု အယူရှိသည်။ ပျား(သို့)ခြတောင်ပို့များ စွဲလျှင် အတိတ်နိမိတ်ကောင်းကြောင်း၊ သြဇာ၊ ဂမုန်း၊ နတ်နိုင်ဂမုန်းတို့ကို အိမ်ရှေ့ ဝရန်တာတွင် ထားရှိခြင်းသည် ဂမုန်းပင်ကို တန်ခိုးရှိသည်ဟု ယုံကြည်မှုကြောင့်ဖြစ်သည်။ အိပ်မက်နှင့် ပတ်သက်၍ ငါးဖမ်းရသည်ကိုမြင်မက်လျှင် လာဘ်ရသည်။ သေဆုံးပြီးသော အိမ်သား တစ်ဦးဦးကို မြင်မက်လျှင် အမဲလိုက်မထွက် ကြချေ။ အမဲလိုက်ထွက်ခါနီး ကလေးငယ်က လိုက်ချင်သည်ဟုဆိုခဲ့လျှင် နိမိတ်မကောင်း၊ အမဲလိုက်ထွက်ခဲ့ပါက ဘေးဒုက္ခကြုံရသည်ဟု အယူရှိသည်။ မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မြေအောက်တွင် ကမ္ဘာမြေကြီးကို ထမ်းထားသူရှိကြောင်း၊ မြေပေါ်နေသူများ ထမင်းရည်ငဲ့သည့်အခါ ထမင်းရည်က ကမ္ဘာ မြေကြီး ထမ်းထားသူပခုံးပေါ်ကျ၍ အပူလောင် ကာ လှုပ်ရမ်းရာမှ မြေငလျင်လှုပ်သည်ဟု အယူ ရှိသည်။ ကမ္ဘာမြေကြီးကို ထမ်းထားသူတို့အား အုပ်ချုပ်သူနတ်မင်းက "မင်းတို့ရှိကြသေးရဲ့လား" ဟု မေးမြန်းသောအခါ မြေထမ်းသူက "ရှိပါသေးကြောင်း"မြေကြီးကိုလှုပ်၍ အချက်ပြ ခြင်းကြောင့် မြေငလျင်လှုပ်သည်ဟု အယူအဆတစ်ရပ်လည်းရှိသည်။ မြေငလျင်လှုပ်သည့်အခါ ကိုယ်ဝန်ဆောင် မိန်းမများ မီးဖိုပေါ်တက်၍ နေထိုင်ကြရသည်။ သို့မဟုတ်ပါက ကလေးပျက်ကျတတ်သည်ဟု အယူရှိသည်။

 

ရိုးရာအနုပညာ အက၊ တူရိယာနှင့်ပွဲတော်များ

 

ဂေဘားတို့၏ တေးဂီတနှင့်ပတ်သက်၍ တူရိယာများမှာ အိုးစည်၊ မောင်း၊ ကျွဲချို၊ လင်းကွင်း၊ ဖားစည်၊ ပတ္တလား၊ ဝါးပလွေတို့ ဖြစ်သည်။ ဖားစည်ကို ကြေးနီ၊ သွပ်၊ ခဲမဖြူ၊ ဘော်၊ ငွေနှင့် ရွှေတို့ကို ရောစပ်၍ပြုလုပ်ကြသည်။ ဖားစည်ကို မြန်မာများ၏ နန်းတွင်းတွင်ထားသော မင်္ဂလာစည်တော်ကဲ့သို့ အမြတ်တနိုး တန်ဖိုးထားကြသည်။ ဖားစည်ပေါ်တွင် ဖားရုပ်၊ ခရုရုပ်၊ ငါးရုပ်နှင့် သစ်လုံးပုံများကို သွန်းလုပ်ထားသည်။ ရှေးအခါက စစ်နိုင်လျှင် ဖားစည်တီးခဲ့သည်။ ယခုအခါ အိမ်သစ်တက်ပွဲ၊ လက်ထပ်ပွဲအပါအဝင် မင်္ဂလာရှိသောပွဲသဘင်တို့၌သာ တီးကြသည်။ မင်္ဂလာမရှိသောနေရာတွင် မတီးရ။

 

ကျွဲချို၊ ပတ္တလားနှင့် ဝါးပလွေများကို ပွဲတော်များတွင် တီးမှုတ်ကြသည်။ ပတ္တလား ကိုဝါးလုံး ၁၂လုံးခန့်ဖြင့် ကြီးစဉ်ငယ်လိုက်စီ၍ အောက်တွင် ကောက်ရိုးခံပြီး သံဖြင့်ရိုက်ထားသည်။ ပတ္တလားတီးရန်ဝါး (သို့) သစ်သား တုတ်တံကို အသုံးပြုသည်။ ဤတူရိယာများကို အိမ်သစ်တက်ပွဲတွင် အသုံးများကြပြီး စပါးရိတ်သိမ်းပွဲတွင် ရွာသူရွာသားများသည် တပျော်တပါး စားသောက်ကြကာ ဖားစည်တီးကြသည်။ စပါးသယ်ပွဲ၌ စပါးသယ်ယူလာစဉ် အသွားအပြန် အိုးစည်နှင့် မောင်းများ တီးကြသည်။ အကများမှာ ဒိုင်းအက၊ ဒူးလေးအက၊ ဝါးညှပ်အက၊ တုတ်ခေါက်အက၊ စပါးလှေ စပါးနယ်အကတို့ဖြစ်သည်။ ပွဲတော်များမှာ စပါးရိတ်သိမ်းပြီး စပါးကျီထည့်ပွဲ၊ ကောက်သစ် စားပွဲ၊ အိမ်သစ်တက်ပွဲ၊ တံခွန်တိုင်ထူပွဲ။ ရွာသန့်စင်ပွဲများ ပြုလုပ်လေ့ရှိသည်။ ဝိုင်းဝန်း လုပ်ကိုင်သူများနှင့် ရွာသားများကို ဖိတ်ပြီး ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ် ကျွေးမွေးဧည့်ခံပြုစုကြသည်။

 

ကောက်ဦးစားပွဲ ( သို့) ကောက်သစ်စားပွဲ

 

ဂေဘားတို့၏ စိုက်ပျိုးရေးနှင့် ပတ်သက်သည့်ပွဲတော်တစ်ခုမှာ စပါးစူးထိုး ပွဲဖြစ်သည်။ ကဆုန်လတွင် ကျင်းပသည်။ ရည်ရွယ်ချက်မှာ စပါးကွင်းထဲရောက်၍ အသီးအနှံ ဖွံ့ဖြိုးစေရန်ဖြစ်သည်။ စပါးစူးထိုးပွဲ (သို့) စူးချပွဲတွင် အိုးစည်နှင့် ဖားစည်ကို ညနေအိမ်ပြန်ရောက်မှ တီးရသည်။ ယာကွက်ထဲတွင် မတီးကြ။ ထိုပွဲတွင် အကျွေးအမွေးလည်းပါသည်။ စပါးမှည့်ချိန်တွင် စပါးပုတ်ပွဲလည်း လုပ်လေ့ရှိသည်။ တန်ဆောင်မုန်း၊ နတ်တော်လတွင် ပြုလုပ်ကြသည်။ စပါးဝိုင်းဝန်းကူညီ ရိုက်ပုတ်ခြင်းဖြင့် စပါးတောင်လိုပုံပြီး စားမကုန်နိုင်အောင် ရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ စပါးပုတ်ပွဲပြီးလျှင် စပါးသယ်ပွဲပြုလုပ်ကြသည်။ တစ်ရွာလုံး ယောက်ျား၊ မိန်းမမကျန် တပျော်တပါး စပါးသယ်၍ ကျီထဲ ထည့်ကြခြင်းဖြစ်သည်။ စပါးသယ်ရာတွင် အသွားအပြန် အိုးစည်ဗုံမောင်းတီးရသည်။ ဝက်သတ်၍ထမင်းကျွေးကြသည်။ စပါးကျီ ထဲသို့ သိုလှောင်ပြီးလျှင် စပါးဦးစားပွဲ(သို့) ကောက်သစ်စားပွဲ ကျင်းပကြသည်။ ကောက်သစ်စားပွဲကို နှစ်စဉ် ပြာသိုလတွင် ကျင်းပ၍ စပါးဆန်သစ်နှင့် အရန်ဟင်းလျာ များချက်ပြုတ်ကာ ဦးစွာလူကြီးသူမများအား ကျွေးမွေးကန်တော့ကြသည်။ ။

 

ယခုအခါ ဂေးတို့ နတ်ကိုးကွယ် လေ့မရှိကြတော့ပေ။ လူကြီးမိဘတို့ကိုသာ နေရာပေး ကန်တော့ လာကြတော့သည်။ လူကြီးများစားသောက်ပြီးမှ လူငယ်များဝိုင်း ၍ တပျော်တပါးစားကြသည်။ တစ်အိမ်ထောင်တည်းစား၍ မကုန်ခန်းနိုင်သည့်အပြင် တစ်ရွာလုံးစား၍လည်း မကုန်ပါစေနှင့်ဟူသော အဓိပ္ပာယ်ခံယူကာ ဤသို့ စပါးပွဲတော်များ ကျင်းပကြခြင်းဖြစ် သည်။

 

စာရေးသူကဤသွေးချင်းတို့ရဲ့ ပွဲတော် ဆီအကြောင်း စဉ်းစားခန်းဝင်တိုင်း အတွေးအမျှင်တို့က တစ်စတစ်စ မဆုံးနိုင်အောင်ပင်။ ရေးစရာလည်းတစ်ပုံတစ်ပင်။ ဤသို့ သွေးချင်းတို့ရဲ့ ပွဲတော်ဆီသည် ညီနောင်တူဖွားတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးနေသည်နှင့်အမျှ ချစ်ခင်ရင်းနှီးမှု အရှိန်အဟုန်ကောင်းများလည်း ရရှိလာခဲ့ပါပြီ။ သို့ဖြစ်ပါ၍ ကယားတို့ဌာနေ ငွေတောင်ပြည်ဆီမှ ဂေဘားတိုင်းရင်း သားတို့၏ “တို့ဆွေတို့မျိုးအကျိုးရှိဖို့၊ သွေးစည်းဖို့” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၁ ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းတွင် ပြန်လည်ဆုံတွေ့ကြပါစို့။

 

မှီငြမ်းကိုးကား

- တိုင်းရင်းသားယဉ်ကျေးမှုနှင့် ရိုးရာ ဓလေ့ထုံးစံများ(ကယား)။

- ကယားပြည်နယ် ခုနစ်စင်ကြယ် (ပြည်နယ်ယဉ်ကျေးမှု)။

- သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)၊ ကယားတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုပြခန်း လက်ကမ်း စာစောင်များနှင့် စာရေးသူလေ့လာ ခဲ့မှုမှတ်တမ်းများ။