ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေသည့်အတွက် အင်ဒိုနီးရှားငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများ အကူအညီတောင်းခံ

ဂျကာတာ   နိုဝင်ဘာ   ၂၄

 

လူပေါင်း ၂၆၈ ဦးကို သေဆုံးစေခဲ့သည့် အင်ဒိုနီးရှားငလျင်မှ အသက်ရှင်ကျန်ရစ်သူများသည် နိုဝင်ဘာ ၂၃ ရက်က အစားအသောက်နှင့် သောက်သုံးရေတို့ရရှိရန် အကူအညီတောင်းခံခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်  ငလျင်လှုပ်ပြီးနောက်  အသေးစားငလျင်ငယ်များ ဆက်လှုပ်နေသောကြောင့်   ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးနေရသည်။

 

မကြာမီအချိန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းထားရာ ငလျင်လှုပ်ခတ်ခဲ့သည့် ဂျာဗားပြည်နယ် စီအန်ဂျာခရိုင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများကို အမြန်ရှင်းလင်းသင့်သည်ဟု အာဏာပိုင်များက သတိပေးထားသည်။ ထောက်ပံ့ရေးပစ္စည်းအချို့ ရောက်ရှိလာသော်လည်း လုံလောက်မှုမရှိဟု သိရသည်။

 

ဆန်၊ အသင့်စားခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ရရှိသော်လည်း လုံလောက်မှုမရှိဟု အသက် ၂၃ နှစ်အရွယ် ဂတ်ဆိုလ်ရွာသားတစ်ဦးဖြစ်သူ မူစတာဖာက ပြောသည်။ ငလျင်ဒဏ်ကြောင့် လူပေါင်း ၅၈၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး လူပေါင်း ၁၀၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။ ၅၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ သေဆုံးသူများထဲမှ တစ်ဝက်ကိုသာ မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခဲ့သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ် လျော့ပါး ရေးအေဂျင်စီက ပြောသည်။

 

အစိုးရသည် တဲများနှင့် ထောက်ပံ့ရေးပစ္စည်းများကို စီအန်ဂျာခရိုင်သို့ ပေးပို့ခဲ့သည်။ အင်ဒိုနီးရှား တပ်ဖွဲ့ဝင်ပေါင်း ၁၂၀၀၀ ကို နိုဝင်ဘာ ၂၃ ရက်က တပ်ဖြန့်ချထားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ သို့သော်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် နှောင့်နှေး ကြန့်ကြာနေရသည်။

 

ငလျင်ဘေးမှ လွတ်မြောက်ခဲ့သူ အသက် ၄၅ နှစ် အရွယ် ဒီဒီမက်စ်လီယာကမူ ကယ်ဆယ်ရေးတဲတွင် နေထိုင်နေသူဖြစ်ပြီး မိုးတစ်ညလုံးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် အကူအညီအထောက်အပံ့များ မရရှိသေးဟု ပြောသည်။ အစားအသောက်နှင့် ဆေးဝါးများပြတ်လပ်နေပြီး ကလေးငယ်များ ပါရှိသည့်အတွက် သင့်တော်သည့်တဲများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

 

အေအက်ဖ်ပီ