နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်တင်ပြလိုက်ပါသည်-
မေး ။ ။ အခုဆိုရင် တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီရေဘေးဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်မှုအပိုင်းကို ပြောပြပေးစေလိုပါတယ်။ ဆာင်ရွက်မှုအပိုင်းကို ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ရေကြီးရေလျှံမှုနဲ့ ပတ်သက်တဲ့အခါ နံပါတ်(၁)က ရွှေ့ပြောင်းရတယ်။ ယာယီစခန်းတွေ ရေဘေးရှောင်စခန်းတွေမှာ နေရတယ်။ အခုကျွန်တော်တို့တွေ့တာကတော့ တချို့နေရာတွေမှာ လူဦးရေနဲ့ ရှိတဲ့နေရာမမျှတတဲ့ ပုံစံမျိုးရှိတယ်။ အခု စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာပဲ နေရတယ်။ နေတဲ့အခါကြတော့ လူများတယ်။ အဓိက ရင်ဆိုင်ရတဲ့ပြဿနာက အညစ်အကြေးစွန့်တဲ့ ပြဿနာတွေ ရှိလာတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ သတိထားစရာတွေ ဖြစ်ပေါ်လာတယ်။ အညစ်အကြေး စွန့်မယ့်နေရာက နည်းတယ်။ လူတွေကများတယ်။ နေရာတစ်နေရာထဲမှာ အဲဒါမျိုးတွေရှိတယ်။ လတ်တလော ဖြေရှင်းနည်းတွေနဲ့ ရသလောက်တော့ ဖြေရှင်းပေးထားတယ်။ ရေဘေးရှောင်စခန်းဆိုတာ အခိုက်အတန့်ပဲ၊ တစ်ပတ်တန် သည်ဖြစ်စေ၊ ၁၀ ရက် တန်သည်ဖြစ်စေ ဒီလိုပဲနေရတာပါ။ ဒီနေ့ကတော့ မနေ့ကထက်စာရင် ပဲခူးတိုင်းဒေသကြီးမှာ ရေက တန့်နေသေးတယ်။ ကျတာမရှိဘူး။ ဘီးလင်းမှာတော့ မနေ့က တော်တော်လေး တက်ပြီးဒီနေ့တော့ နည်းနည်းတန့်နေတယ်။
လက်ရှိအခြေအနေကတော့ ရေဘေးသင့်ပြည်သူတွေအနေနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ဇူလိုင် ၂၈ ရက် ညနေအထိက တစ်သောင်းရှစ်ထောင်ခုနစ်ရာကျော်ရှိတယ်။ ဇူလိုင် ၂၉ ရက်မှာတော့ နှစ်သောင်းကျော်သွားပြီ။ မွန်ပြည်နယ်မှာလည်း တစ်သောင်းခုနစ်ထောင်၊ တစ်သောင်းရှစ်ထောင်ရှိတယ်။ တနင်္သာရီတိုင်းဒေသကြီး မှာလည်း ခြောက်ထောင်ကျော်လောက်ရှိတယ်။
အခုလောလောဆယ် သတိထားနေရတာက မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးပါ။ ကရင်ပြည်နယ် မှာလည်း ဖြစ်နေတယ်။ ကရင်ပြည်နယ်မှာ တစ်သောင်းလေးထောင်နီးပါးလောက် ရေဘေးသင့် ပြည်သူတွေရှိတယ်။ အဓိက အခုဖြစ်နေတဲ့ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၄၂ ခုရှိတယ်။ ပြန်ပိတ်ဖို့ကတော့ လတ်တလောမဖြစ်နိုင်သေးဘူး။ မွန်ပြည်နယ်ဘီးလင်းကလည်း ဖြစ်နေပြီဆိုတော့ နဂိုရှိတာကတော့ စခန်းပေါင်း ၃၉ ခုရှိတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာလည်း စခန်း ၁၃ ခုလောက်ရှိတယ်။ ကရင်ပြည်နယ်မှာ စခန်း ၅၂ ခုရှိတယ် ။
မေး ။ ။ တာဝန်ရှိသူတွေအနေနဲ့ အခုနောက်ထပ် ဘာတွေဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေပြီးတော့ ပိုမိုပြီးထောက်ပံ့ပေးနိုင်ဖို့ လုပ်နေတာရှိတယ်။ ဥပမာအားဖြင့်မဒေါက်မှာ ရေကာတာ ပေါက်မထွက်ဖို့ အလွန်အရေးကြီးတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာတာဝန်ရှိတဲ့ ဌာနအသီးသီး ကနေပြီးတော့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့လိုတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ကတိုက်တွန်းမယ်၊ ကြီးကြပ်မယ်၊ တစ်ကယ်ဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက ထောက်ပံ့ကူညီနေတဲ့ ဝန်ကြီးဌာနပါ၊ လိ်ုအပ်တဲ့နေရာကို အလျင်အမြန် တုံ့ပြန်သွားမယ်။
ဥပမာ ပဲခူးတို့၊ သနပ်ပင်တို့မှာ ရေကြီးတဲ့ကြားကပြီးခဲ့တဲ့ တစ်ရက်ကျော်က လေဘေးကြုံလိုက်တယ်။ တစ်ခါတည်း အိမ်တွေအမိုးလန်တာ၊ ပြိုတာတွေ ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ လိုက်ထောက်ပံ့နေတယ်။ အဲဒါမျိုးတွေကို ကျွန်တော်တို့က လတ်တလောမဆိုင်းမတွတုံ့ပြန်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့အဖွဲ့က မရပ်မနား ပြည်သူတွေရဲ့ လိုအပ်ချက်ကို လိုက်လုပ်ပါတယ်။ အဲဒါတွေကကျွန်တော်တို့ လုပ်တဲ့အလုပ်တွေပါ။ ဒါပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အားကောင်းပါတယ်။ ပဲခူးမှာဆိုရင်လည်း လူမှုရေးအဖွဲ့တွေက အများကြီး ကောင်းပါတယ်။ ဥပမာ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးအဖွဲ့ကလည်း ရောက်လာပြီးတော့ ထမင်းထုပ် ဝေတာတွေလုပ်တယ်။
လူမှုရေးအသင်းတွေကလည်း ဒီလိုမျိုး ထမင်းထုပ်ဝေတာတို့၊ ကူညီထောက်ပံ့တာတို့၊ ရေသန့်ဘူး ဝေတာတို့လုပ်နေပါတယ်။ နီးစပ်ရာ ပဲခူးတိုင်းဒေသကြီးဆိုရင် ဥပမာ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ပိန်းဇလုပ်တို့ စသည်ဖြင့် တိုက်နယ်လေးတွေကနေပြီးတော့ မြို့နယ်မှာဖြစ်နေတာကို အဖွဲ့လိုက် လာပြီးတော့ ထမင်းထုပ်ဝေတာတို့၊ ရေသန့်ဘူးဝေတာတို့ လုပ်နေတာတွေ့တယ်။ ပြည်သူတွေက ပူးပေါင်းပါဝင်နေကြတယ် ဆိုတာ တွေ့ရပါတယ်။ အစိုးရကလည်း လိုအပ်တာတွေ ထောက်ပံ့နေတယ်။ သူတို့ ကိုယ့်ဟာကိုယ် ထမင်းချက်စားလို့ မရနိုင်ဘူးဆိုတာသိတဲ့အခါကျတော့ လက်ထဲမှာ ငွေနည်းနည်းရှိရင် မဆိုးဘူးဆိုပြီး ကျွန်တော်တို့က တစ်နေ့ကို ဘယ်လောက်နှုန်းနဲ့ဆိုပြီး တွက်ပြီးတော့ ငွေကို လက်ထဲထည့်လိုက်တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ကို ဒီလို ချက်ပြုတ်ကျွေးပြီးတော့ ထမင်းထုပ်ဝေတဲ့ဟာတွေက မပြတ်ကို ရှိနေတယ်။ သူတို့လက်ထဲမှာ ငွေလေးရအောင်ဆိုပြီးတော့ဖန်တီးတယ်၊ လိုအပ်ရင် ကျွန်တော်တို့ ထပ်ပြီးတော့ ပံ့ပိုးမယ်။ ဒီလိုမျိုး ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးလေးတွေ၊ မွေးကင်းစကနေ ခြောက်လအောက် ကလေးတွေအတွက် အမေတွေကို ငွေထောက်ပံ့တဲ့ စနစ်တွေလည်း ကျွန်တော်တို့ လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်မှုတွေ ပိုရှိလာနိုင်တယ်။
မေး ။ ။ ပြည်သူ တွေအနေနဲ့ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့မယ်ဆိုရင် ဆက်သွယ်အကူအညီ ကြုံတွေ့ခဲ့မယ်ဆိုရင် ဆက်သွယ်အကူအညီတောင်းခံနိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်ကိုလည်း ပြောကြား ပေးစေချင်ပါတယ်။
ဖြေ ။ ။ ဒါက အမြဲတမ်း TV မှာလည်းပါတယ်။ ကြေညာနေတာတွေလည်း အမြဲတမ်းရှိတယ်။ ဖုန်းနံပါတ် ဝ၆၇၃၄၀၄၆၆၄၊ ဝ၆၇၃၄၀၄၇၇၇ တို့ကို ဆက်သွယ်လို့ရပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားလိုတာများရှိရင် ပြောပြပေး စေလိုပါတယ်။
ဖြေ ။ ။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခကို ကျွန်တော်တို့မျှဝေ ခံစားတယ်။ အခုဖြစ်နေတဲ့ အရာဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရာသီဥတုတွေ ဖောက်ပြန်ပြီးတော့ ဖြစ်နေတယ်။ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာဖြစ်ပါတယ်။ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။
အခြားနိုင်ငံတွေမှာ ဒီထက်ဆိုးတဲ့ အခြေအနေတွေလည်း ရင်ဆိုင်နေရတာရှိတယ်။ ဘယ်လိုပဲ ရင်ဆိုင် နေရနေရ အတတ်နိုင်ဆုံး ကျွန်တော်တို့အနေနဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ မဖြစ်ခင် ကြိုတင်ကာကွယ် တဲ့လုပ်ငန်း၊ ထိထိရောက်ရောက်တုံ့ပြန်တဲ့လုပ်ငန်း၊ ပြန်လည်ထူထောင်တဲ့လုပ်ငန်းတွေမှာ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးဖို့ကျွန်တော်တို့ အမြဲတမ်းရှိတယ်။ တကယ်လည်း အားထုတ်ကြိုးစား နေပါတယ်။
တစ်ခါတလေကျရင် ကျွန်တော်တို့ ဝန်ထမ်းအင်အားကလည်း နည်းတယ်၊ မရောက်သေးဘူး၊ မလာသေးဘူး၊ အဲဒီလိုမျိုးတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ကလိုအပ်ချက်တွေ မှန်သမျှကို အရေးပေါ်ရင် ပေါ်သလိုကျွန်တော်တို့ကို ဆက်သွယ်ပါ၊ အရေးတကြီး လိုအပ်တာတွေရှိလို့ ဆက်သွယ်လိုက်ရင် ကျွန်တော်တို့က ဦးစားပေးအနေနဲ့ လုပ်ပေးပါမယ်။
ပုံမှန်အားဖြင့် ကျွန်တော်တို့ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တာ အကုန်လုံးကိုတော့ လုပ်နေပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က လျင်မြန်အောင် ကြိုးစားနေတယ်။ သို့သော် လျင်မြန်အောင် ကြိုးစားတဲ့ကြားက နှေးနေသေးတယ်ဆိုရင်၊ အထူးလိုအပ်တယ်ဆိုရင် ဆက်သွယ်လိုက်ပါ။ အထူး ဆက်သွယ်တယ်ဆိုတာ ရုံးဖုန်းတွေကို ရအောင်ဆက်သွယ်ပါ။ ရအောင်ဆက်သွယ်လိုက်ရင် ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်လို့လည်းရတယ်။ ပိုပြီးတော့ အာရုံစိုက်လို့လည်းရတယ်။ ကျွန်တော်တို့ရှိတဲ့အင်အားနဲ့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ပြောချင်ပါတယ်။ သတင်းအဖွဲ့