ရွှေကူ ၁၇  ဇူလိုင်   

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးတို့တွင် အသုံးပြုနိုင်သည့် မီးသတ်ရေယာဉ်အသစ်တစ်စီးအား ယနေ့ နံနက် ၁၀ နာရီက ရေချစမ်းသပ်မောင်းနှင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်သန်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ရေယာဉ်အသစ်အား ရေချမောင်းနှင်ခြင်းနှင့် မီးသတ်ပိုက် စမ်းသပ်အသုံးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေယာဉ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခြင်းဖြစ်ပြီး ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်အတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာ ပါက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝယ်ယူဖြည့်တင်းပေးခြင်းဖြစ်ကြောင်း ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)