ဇန်နဝါရီ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

ပြီးခဲ့သည့်နှစ် ၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း လျော့ကျခဲ့ရာထိခိုက်ဒဏ်ရာရမှုနှင့် လူသေဆုံး မှုနှုန်းလည်းလျော့နည်းခဲ့သည်။ ၂ဝ၁၆ ခုနှစ်ကမူ အမြန်လမ်းမကြီးပေါ် ယာဉ် မတော်တဆ ဖြစ်ပွားမှုနှုန်းနှင့် လူသေဆုံးမှုနှုန်းမှာ ခြောက်နှစ်တာအတွင်း အမြင့် ဆုံးဖြစ်ခဲ့ပြီး ယာဉ်မတော်တဆမှု ၇၄၄မှု၊ သေဆုံးသူ ၁၇ဝ ရှိခဲ့ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က အမြန်လမ်းမကြီးပေါ် ယာဉ်မတော်တဆမှု ၅၅၉ မှု၊ ထိခိုက် ဒဏ်ရာရသူ ၈၆၃ဦးနှင့် သေဆုံးသူ ၁၁၆ ဦးရှိခဲ့ရာ ယာဉ်မတော်တဆမှုလျော့ နည်းသွားသည်နှင့်အမျှ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အရေအတွက်တို့လည်း လျော့ကျသွားရခြင်းဖြစ်သည်။ယင်းကဲ့သို့သော ရလဒ်ကောင်းများ ရရှိလာခဲ့ ခြင်းမှာ ပညာပေးမှုနှင့် ဖမ်းဆီးအရေးယူမှုများကို ပိုမိုပြုလုပ်ခဲ့ခြင်းကြောင့် ဟူသော အကြောင်းရင်းက အဓိကဖြစ်သည်ဟုလည်း သိရသည်။ အမြန်လမ်း ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် အဖြစ်အများဆုံးမှာ ယာဉ်ကိုမဆင်မခြင် မောင်းနှင်ခြင်းနှင့် အရှိန်လွန်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့် ဖြစ်စဉ်များက အများဆုံးဖြစ်ရာ လူတို့၏ အမှားကသာ အများဆုံး ဟု ဆိုရမည်ဖြစ်သည်။

 

 

ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်းတွင် ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ လမ်းတည်ဆောက်မှုတွင် ချွတ်ယွင်းအားနည်းချက်များ ရှိခြင်း၊ ယာဉ်မောင်း၏ကျွမ်းကျင်မှုနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေ စသည် တို့က အဓိက အကြောင်းများအဖြစ် တစ်ခုမဟုတ် တစ်ခုတို့ ဖြစ်နေတတ် သည်။ မည်သို့ပင် ဆိုစေကာမူ '' အသက်Óဏ်စောင့်'' ဟူသော စကားပုံနှင့် အညီ ယာဉ်မောင်းနှင်သူ၏ ဆင်ခြင်တုံတရားကသာ အဓိကဖြစ်သည်ဟု ဆိုရမည်။ ခရီးရှည် မသွားမီ မိမိမောင်းနှင်မည့် မော်တော်ယာဉ်၏ ကြံ့ခိုင်မှု များကို စစ်ဆေးပြင်ဆင်ခြင်း၊ မိမိယာဉ်တွင် အားနည်းချက်များရှိနေ သည့်တိုင် မဖြစ်မနေ သွားရမည်ဆိုပါကလည်း သတိတရားလက်ကိုင်ထားကာ ဆင်ဆင်ခြင်ခြင် မောင်းနှင်ခြင်း၊ ရာသီဥတုဆိုးရွားချိန်များဖြစ်သည့် မိုးရွာ သွန်းနေချိန်၊ မြူနှင်းများ ပိတ်ဆိုင်းနေချိန်၊ နေ့အပူချိန်အလွန်မြင့်မားနေချိန် များစသည်တို့တွင် အရှိန်လျှော့သင့်ပါက လျှော့၊ နားသင့်ပါကနား၊ သတိထား မောင်းသင့်ပါက မောင်း၍ ခရီးဆက်ကြရမည် ဖြစ်သည်။ လမ်းအကွေ့များ၊ အ္တရာယ်များသည့် နေရာများ၊ အမြန်နှုန်း ကန့်သတ်ထားသည့် နေရာများတွင် အမြန်နှုန်း ကန့်သတ်ချက်များအတိုင်း လိုက်နာမောင်းနှင်ကြခြင်းဖြင့် အန္တရာယ်ကင်းမည်ဖြစ်သည်။

 

 

အမြန်လမ်းပေါ် ယာဉ်မောင်းနှင်မှုများတွင် ယာဉ်အမျိုးအစားအလိုက် မိုင်နှုန်းကန့်သတ်ချက်များရှိရာ ယာဉ်မတော်တဆမှု အဖြစ်အများဆုံးမှာ လိုက်ထရပ်ယာဉ်များဖြစ်သည်ကိုကြည့်ခြင်းအားဖြင့် လိုက်နာမှုအားနည်း နေကြောင်း သာဓကအဖြစ် တွေ့ရမည်ဖြစ်သည်။ အမြန်လမ်းပေါ် ခရီးသွား နေစဉ် မယုံနိုင်လောက်စရာ အမြန်နှုန်းများဖြင့် မောင်းနှင်သောယာဉ်များ၊ လိုက်ထရပ်နှင့် ဟိုက်ဂျက်ကဲ့သို့သော မော်တော်ယာဉ်များကို မြန်နှုန်းမြင့် မောင်းနှင်နေကြခြင်းများကို မကြာခဏ တွေ့မြင်နေရာ အ္တရာယ်ကို ဖိတ်ခေါ် နေကြသည့် အလားပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပညာပေးမှုများ ပိုမို ပြုလုပ်ခြင်းနှင့် ထိထိရောက်ရောက် စစ်ဆေးအရေးယူမှုများ ပြုလုပ်ခြင်း တို့၏ရလဒ်ကောင်းများအဖြစ် အမြန်လမ်းပေါ် ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းခြင်းနှင့် တစ်ဆက်တည်းမှာပင် ထိခိုက်ဒဏ်ရာရရှိမှု၊ လူသေဆုံးမှုတို့ လျော့နည်းကျဆင်းလာခြင်း ဟူသောရလဒ်ကို ရရှိခဲ့ပြီ ဖြစ်ရာ သည့်ထက်ပို၍ ပညာပေးမှု၊ စစ်ဆေးအရေးယူမှုတို့ကို အရှိန်အဟုန် မပျက် ဆက်လက်ပြုလုပ်သွားခြင်းဖြင့် လာမည့်နှစ်များတွင်လည်း သည့်ထက် ပိုမိုကောင်းမွန်သော ရလဒ်များကို ဆက်လက်ရရှိနိုင်ပါစေကြောင်း။