ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ  (Good Agricul-tural Practices-GAP) ဆိုသည်မှာ မြေယာပြုပြင်စိုက်ပျိုးခြင်းမှ အစပြု၍ စားသုံးသူလက်ဝယ်သို့ရောက်သည်အထိ ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် စားသုံးသူကို အန္တရာယ်ဖြစ်စေနိုင်သည့် ကူးစက်မှုများ၊ ညစ်ညမ်းမှုများကို အနည်းဆုံးဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များ ပင်ဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းပြီး   အရည်အသွေးပြည့်ဝ ကောင်းမွန်သည့်   စိုက်ပျိုးထွက်ကုန်သီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ရရှိနိုင်မည် ဖြစ်သည်။

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အစားအစာများ ဘေးကင်းလုံခြုံရေးကို အလေးအနက်ထား ဆောင်ရွက်လာကြရာ  စိုက်ပျိုးထွက်ကုန်အစားအစာများတွင် လူကိုအန္တရာယ် ဖြစ်စေသည့်  ဓာတုဓာတ်ကြွင်းများ  (စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ)၊ မှိုနှင့် အဏုဇီဝပိုးမွှားများ၊ အခြားပိုးမွှားများကင်းရှင်းရန် တောင်းဆိုလာသည်။ အစားအစာများ ဘေးကင်းလုံခြုံရေးဟုဆိုရာတွင် ဇီဝအန္တရာယ်ဆိုင်ရာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ဓာတုအန္တရာယ်ဆိုင်ရာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ၊  ပဋိဇီဝဆေးဝါးများ၊ ရူပအန္တရာယ်ဆိုင်ရာ ဖုန်၊ သဲ၊ ခဲ၊ မှန်ကွဲစနှင့် ပြင်ပအရောအနှော များ၊ ညစ်ညမ်းမှုများ  ကင်းရှင်းရန်လိုအပ်ပြီး   အဆိုပါအန္တရာယ်များ မဖြစ်ပေါ်စေရန်မှာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများက အခြေခံအကျဆုံးဖြစ်သည်။ မသန့်ရှင်းသော အစားအစာများ စားသုံးမိခြင်းကြောင့် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊  နာတာရှည် ရောဂါများရရှိခြင်း စသည့်အန္တရာယ်များဖြစ်ပေါ်ကာ စားသုံးသူ၊ ထုတ်လုပ်သူများ၊  ရောင်းချ သည့် ကုမ္ပဏီများနှင့် အစိုးရများ  ဆုံးရှုံးမှုမှကာကွယ်နိုင်ရန်မှာ စိုက်ပျိုးထုတ်လုပ်စဉ်၊  ရိတ်သိမ်းစဉ်၊  သယ်ယူစဉ်၊  ကိုင်တွယ်ထုပ်ပိုးစဉ် ထုတ်လုပ်သည့်ထုတ်ကုန်များတွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော အရာများ ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေး၊  သီးနှံများ  အရည်အသွေး‌ကောင်းမွန်စေရေးနှင့် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နေသည့် လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ ဆောင်ရွက်ရန်လိုသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိက စီးပွားရေးတစ်ရပ် အဖြစ်ဆောင်ရွက်လျက်ရှိပြီး  ပြည်ပပို့ကုန် တင်ပို့ရောင်းချရာ တွင် စိုက်ပျိုးသီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို GAP လမ်းညွှန်ချက်များနှင့်အညီ  ထုတ်လုပ်ရောင်းချခြင်းဖြင့် စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမို မြင့်မားလာမည် ဖြစ်သည်။ GAP လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့် စိုက်ပျိုးရေးထွက်ကုန်များသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီးလုံခြုံစိတ်ချစွာ စားသုံးနိုင်ခြင်းကြောင့် ဝယ်ယူသူများကလည်း အဓိကထား မှာယူလျက်ရှိရာ GAP လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အကျိုးအမြတ်များရရှိနိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ဟူသည်မှာ စိုက်ပျိုး ထုတ်လုပ်ရာတွင် မဖြစ်မနေ လိုက်ပါဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်မျိုး မဟုတ်စေကာမူ လိုက်ပါဆောင်ရွက်ပါက အကျိုးအမြတ်များစွာ ရေရှည်ဖြစ်ထွန်းစေမည့် လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များပင်ဖြစ်သည်။ ပုံမှန်အားဖြင့် စိုက်ပျိုးနေကျမူလအလေ့အကျင့်များမှ ပြောင်းလဲ ဆောင်ရွက်ရခြင်းကြောင့် ငွေကြေး၊လုပ်အားစိုက်ထုတ်မှု အနည်းငယ်ပိုမိုလာစေကာမူ  ဈေးကွက်နှင့် အကျိုးအမြတ်တို့ ပိုမိုရရှိလာမည်ဖြစ်ရာ လုပ်သင့်လုပ်အပ်သည့် လုပ်ငန်းပင်ဖြစ်သည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အချို့ငြင်းပယ်ခံရသည့် သတင်းများ၊ အိမ်နီးချင်းဈေးကွကဖြစ်သည့် တရုတ်နိုင်ငံမှပင်လျှင် အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို  ပိုမိုတောင်းဆိုလာသည့်သတင်းများ  ထွက်ပေါ်ခဲ့ဖူးရာ ရေရှည်တွင်  အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ထွက်ကုန်သီးနှံများသည်သာ ဈေးကွက်ခိုင်မာ သေချာမည်ဖြစ်သည့်အလျောက်  စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဆောင်ရွက် ကြရေး အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။

မြန်မာ့အလင်း