၂၅ ဇန်နဝါရီ
ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် မော်တော်ယာဉ် တစ်စီး ဆီးနှင်းပိတ်နေသဖြင့် ပိတ်မိနေသူ နှစ်ဦးကို ဗုဒ္ဓဟူးနေ့က ရဟတ်ယာဉ် ဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိတ်မိနေသူနှစ်ဦးမှာ လော့အိန်ဂျလိစ် မြောက်ပိုင်း အာလာမို တောင်ပေါ်တွင် ခရီးစခန်းချပြီး သောင်တင်နေခဲ့သော အသက် ၃၅ နှစ်အရွယ်စုံတွဲ ဖြစ်ပြီး ၎င်းတို့၏ ခွေးများနှင့်အတူ အစားအစာနှင့် သောက်ရေများ ပြတ်တောက်ခဲ့သည်ဟု ဖော်ပြထားသည်။
နှင်းမုန်တိုင်းနှင့်အတူ ထင်းရှူးပင်များ ပြိုလဲကျပြီး ၎င်းစုံတွဲ ခရီးဆက်မည့်လမ်းကို ပိတ်ဆို့နေသဖြင့် ၉၁၁ ကို ဖုန်းဆက်အကူအညီ တောင်းခံခဲ့ကြောင်းနှင့် ယင်းစုံတွဲသည် နေလောင်ခံရခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်နေသော်လည်း အခြေအနေကောင်းမွန်ကြောင်း လော့အိန်ဂျလိစ် အုပ်ချုပ်ရေးအဖွဲ့ လက်ထောက်ဖြစ်သူ ချားလ်စ် မီရန်ဒါ က ပြောကြားခဲ့သည်။
အဆိုပါ စုံတွဲသည် မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို လျှော့တွက်ခဲ့ဖွယ်ဖြစ်ကြောင်း မီရန်ဒါ က ဆိုသည်။
ထိုစုံတွဲသည် ယခု ၎င်းတို့နေအိမ်သို့ ပြန်ရောက်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို