ဝါရှင်တန် ၂၄ ဩဂုတ်

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ဖြစ်ပွားလျက်ရှိသော တောမီးလောင်ကျွမ်းမှုကို သမ္မတထရမ့်က ဘေးအန္တရာယ်ဆိုးတစ်ခု ကျရောက်လျက်ရှိသည်ဟု ယမန်နေ့ပြောကြားခဲ့သည်။

 

အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်များနှင့် အဖိုးတန်သစ်တောအုပ် ဧက တစ်သန်းနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရသည်။

 

တောမီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်သမား ၁၄၀၀၀ ကျော် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

တောမီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးခိုးလုံးကြီးများသည် ကယ်လီဖိုးနီးယားပြည်နယ် တစ်ခုလုံးကို လွှမ်းခြုံအံ့မှိုင်းထားပြီး လေပြင်းတိုက်ခတ်မှုများကြောင့် လူနေထူထပ်သော နေရာများသို့ မီးများကူးစက်ပျံ့နှံ့ လောင်ကျွမ်းမည်ကို စိုးရိမ်လျက်ရှိသည်။

 

လက်ရှိအချိန်အထိ တောမီးလောင်ကျွမ်းမှုကြောင့် ခြောက်ဦးအနည်းဆုံး သေဆုံးခဲ့ပြီး မီးသတ်သမားများ အပါအဝင် ၄၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့ပြင် ပြည်သူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။ လူနေအိမ် ရာပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်ထောင်ပေါင်းများစွာ ထပ်မံမီးလောင်ပျက်စီးမည်ကို စိုးရိမ်လျက်ရှိကြသည်။

 

လွန်ခဲ့သော ရက်သတ္တပတ်က Death Valley အမျိုးသားပန်းခြံတွင် အပူချိန်ပြင်းထန်လျက်ရှိသည့် အချိန်၌ မိုးကြိုးပစ်ခတ်မှုများကြောင့် အဆိုပါ တောမီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး နယူးဆွမ်က သြစတြေးလျနှင့် ကနေဒါနိုင်ငံများမှ အကူအညီများ တောင်းခံထားကြောင်း သိရသည်။ အော်ရီဂွန်၊ နယူး မက္ကဆီကိုနှင့် တက္ကဆက်ပြည်နည်များအပါအဝင် အခြား ပြည်နယ်များမှ မီးသတ်သမားများ၊ မီးသတ်ကားများနှင့် စောင့်ကြည့်ထောက်လှမ်းရေး လေယာဉ်များသည် တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းလျက် ရှိသည်။

 

ကယ်လီဖိုးနီးယားပြည်နယ်၌ မကြာခဏ တောမီးလောင်ကျွမ်းမှုဖြစ်ပွားသော်လည်း ယခုလောင်ကျွမ်းသည့် တောမီးသည် ပိုမိုပြင်းထန်လျက်ရှိကြောင်း အုပ်ချုပ်ရေးမှူး နယူးဆွမ်က ဆိုသည်။

 

ကိုးကား- ဘီဘီစီ

ဘာသာပြန်-အောင်ကျော်ကျော်