စက်တင်ဘာ ၇

 

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့်  လွန်ခဲ့သော ၂၄ နာရီအတွင်း နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိကာ မြေဧက ၂၄၀၀ ကျော် အကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါတောမီးသည် ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ပူပြင်းခြောက်သွေ့သောအပူလှိုင်းဖြစ်ပေါ်နေစဉ်အတွင်း မြစ်ဘေး ဒေသရှိ ဟီမတ်မြို့အနီးတွင် စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းမှစတင်ကာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 

ထိုတောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံ ခုနစ်လုံးထက်မနည်းပျက်စီးခဲ့သည်။ ယင်းဒေသရှိ ထောင်နှင့်ချီသော အဆောက်အအုံများသည် မီးဘေးအန္တရာယ်ခြိမ်းခြောက်ခံနေရသည်ဟု တာဝန်ရှိသူများက ခန့်မှန်းပြောဆိုသည်။

 

တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူနှစ်ဦးသည် မီးအရှိန်ပြင်းပြင်းမလောင်ကျွမ်းမီ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့ပုံပေါ်ကြောင်း တာဝန်ရှိသူများက ယမန်နေ့မနက်ပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

အရှိန်ပြင်းပြင်းမီးတောက်လောင်မှုကြောင့် ကျောင်းသားများ၊ ဝန်ထမ်းများနှင့် မိသားစုများ ဘေးကင်းစေရန်လိုအပ်သဖြင့် စက်တင်ဘာ ၆ ရက်တွင် ဟီမက်မြို့ရှိစာသင်ကျောင်းများအားလုံးကို ပိတ်ထားခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို