ဧပြီ ၄
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်ပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု အမေရိကန်မီဒီယာက ယမန်နေ့က ဖော်ပြထားသည်။
ထိုပြည်နယ်တောင်ပိုင်းတွင် ဧပြီ ၁ နှင့် ၂ ရက်နေ့က ပစ်ခတ်မှုငါးကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသာ အဖမ်းခံရကြောင်း အေဘီစီရုပ်သံလွှင့်ဌာနတွင် ဖော်ပြထားသည်။
ဗန်နေးဒေသတွင် ဧပြီ ၁ ရက်နေ့မနက်ပိုင်းက သေနတ်သမားတစ်ဦးက တံခါးလာခေါက်ရာ တံခါးဖွင့်ပေးလိုက်ချိန်တွင် နေအိမ်အတွင်းသို့ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး အခြားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထိုနေ့မှာပင် အာတက်ဆာမြို့တွင်လည်း တစ်ဦးသေဆုံးကြောင်းတွေ့ရှိသည်ဟု သိရသည်။
ဧပြီ ၂ ရက်နေ့က ချီနိုတွင် ကားပါကင်တစ်ခုအတွင်း သေနတ်သမားတစ်ဦးသေဆုံးသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ဟောလိဝုဒ်တွင် လူနှစ်ဦးစကားများငြင်းခုံရာမှပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ကယ်လီဖိုးနီးယားနိုင်ငံတောင်ပိုင်း ဝတ်ဟေးစ်ဈေးဝယ်စင်တာကားပါကင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို