၃၀ မေ
ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျပန်နိုင်ငံကို အလည်သွားရောက်ရာ ဂျပန်နိုင်ငံမှာ ကျောက်ချထားတဲ့ ကွယ်လွန်သူ လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ နာမည် ပါတဲ့ USS မက်ကိန်း အမည်ကို ထရန့်ရဲ့ မြင်ကွင်းမှာ မရှိစေရန် အိမ်ဖြူတော်က မေတ္တာရပ်ခံခဲ့ကြောင်း အမေရိကန် သတင်းဌာန Wall Street ဂျာနယ်က မေ ၂၉ ရက်နေ့က ဖွင့်ချလိုက်ပါတယ်။

အိမ်ဖြူတော်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် စစ်သင်္ဘောရဲ့ နာမည်နေရာကို တာပေါ်လင် စဖြင့်ဖုံးအုပ်ထားကြောင်းနဲ့ မက်ကိန်းသေင်္ဘောရဲ့ ရေတပ်အရာရှိ နှစ်ယောက်ကိုလည်း ထရန့်မိန့်ခွန်းပြောရာကို ဖိတ်ကြားခြင်းမရှိခဲ့ကြောင်း ဂျာနယ်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ကွယ်လွန်ခဲ့တဲ့ လွတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ထရန့်ရဲ့ နိုင်ငံရေးအရ ရန်သူတွေ ဖြစ်ခဲ့ကြပါတယ်။
ဂျွန်မက်ကိန်းဟာ ဗီယက်နမ်-အမေရိကန်စစ်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရသလို ညှင်းပန်းနှိပ်စက်ခံခဲ့ရဖူးသော အမေရိကန်စစ်ပြန်ကြီးတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် မက်ကိန်းဟာ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံရေးမှာ ပါဝင်ခဲ့သူ၊ သမ္မတလောင်းအဖြစ် နှစ်ကြိမ်တိုင် ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ မက်ကိန်းက ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ထရန့် မထောက်ခံခဲ့သလို ထရန့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းနဲ့ပတ်သတ်ပြီး ၂၀၁၇ ခုနှစ်မှာ အောက်လွတ်တော်မှာ ပိတ်ဆို့ခဲ့သူဖြစ်ပါတယ်။ အသက် ၈၁ နှစ်ရောက် ဦးနှောက်ကင်ဆာရရှိခဲ့တဲ့ မက်ကိန်းက သူ့ရဲ့နာရေးဈာပနကို ထရန့်မတက်ရောက်စေလိုကြောင်း အတိအလင်းပြောကြားခဲ့သူ ဖြစ်ပါတယ်။
ထရန့်ကလည်း သူကိုယ်တိုင် စစ်မှုမထမ်းခဲ့ပေမယ့် စစ်ပွဲရဲ့ သူရဲကောင်းကို လှောင်ပြောင်သရော်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ထရန့်က မက်ကိန်း သေဆုံးပြီးသည့်တိုင် သူဟာဘယ်တုန်းကမှ မက်ကိန်းကို မကြိုက်ကြောင်းနဲ့ ဘယ်တော့မှလည်း မက်ကိန်းကို ကြိုက်လာမှာမဟုတ်ကြောင်း အတိအလင်းပြောဖူးပါတယ်။
MDN
ကိုးကား - AFP