နေပြည်တော် ဖေဖော်ဝါရီ ၂၆
နှစ်နိုင်ငံ ချစ်ကြည်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ရန် လာအို-မြန်မာ ချစ်ကြည်ရေးအသင်း (LMFA) ဥက္ကဋ္ဌ ကျန်ထဝုန်း ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိ ကြရာ မြန်မာနိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီးနှင့်အတူ မြန်မာ-လာအိုအသင်း အဖွဲ့ဝင်များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
လာအို-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ကျန်ထဝုန်း ဦးဆောင်သောအဖွဲ့တွင် နယ်ပယ်စုံမှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်ကာ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူငယ်ရေးရာ ကိစ္စရပ်များတွင် တိုးတက်သော ဆက်ဆံရေးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်နှင့် ပတ်သက်၍ လာအို-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌက ဒေသတွင်း ဗုဒ္ဓဘာသာနိုင်ငံများအကြား ဗုဒ္ဓသာသနာထွန်းကားမှုတွင် စံနမူနာ ဖြစ်သည့် မြန်မာနိုင်ငံသို့ လာရောက် ရခြင်းအပေါ် ပျော်ရွှင်ကျေနပ်မိကြောင်း၊ အိမ်နီးချင်းကောင်း ဖြစ်သည့် မြန်မာနှင့်ကူးသန်း ဆက်သွယ်နိုင်မှု ပိုမိုဆောင်ရွက် နိုင်ရေး စိတ်အားထက်သန်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


