တာချီလိတ်      ဩဂုတ်             ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်း လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၂၅၅ ဉီးကို ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက တာချီ လိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေ:စွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

 

မြန်မာရွှေ့ပြောင်းလုပ်သား ၂၅၅ ဉီးအား တာချီလိတ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြန်ပြည်သူ အမျိုးသား တစ်ဉီးနှင့် အမျိုးသမီး နှစ်ဉီး စုစုပေါင်းသုံးဉီးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန် ၂၅၂ ဉီးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ ကြောင်း သိရသည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန်ပြည်သူသုံးဉီးကို အားကစားရုံခန်းမနှင့် ဝမ်လုံအသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။

 

နေရပ်ပြန် ပြည်သူ ၂၅၂ ဉီးအား ၎င်းတို့၏ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊  စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ထောက်ပံ့ငွေများ လှူဒါန်း ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ နေရပ်များသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)