တာချီလိတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ လွဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၈၁ ဦး စုစုပေါင်း ၂၀၀ ကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။
စိစစ်လက်ခံရာတွင် တာချီလိတ်မြို့၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များက ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းနေရပ်ပြန် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီက ကျန်မာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦးရှိကြောင်းနှင့် ၄င်းတို့ကို ကုသရေးစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုး မတွေ့ရှိသည့် နေရပ်ပြန် ပြည်သူ ၁၉၅ ဦးကို ဝမ်လုံး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် ခေတ္တထားရှိပြီး တတိယမြောက်နေ့တွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေး၍ ပိုးကင်းစင်မှသာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


