လာအိုနိုင်ငံမြောက်ပိုင်း၌  မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံးပေါင်းရာနှင့်ချီပျက်စီး

ဧပြီ ၂၆

လာအိုနိုင်ငံမြောက်ပိုင်း ယာဘာရီပြည်နယ်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးသီးများကျခြင်းတို့ကြောင့် ကျေးရွာပေါင်း ၂၀ ရှိ နေအိမ်အလုံးပေါင်း ၅၂၀ ပျက်စီးသွားခဲ့သည်။ အဆိုပါပြည်နယ်တွင် ဒေသစံတော်ချိန် ညနေလေးနာရီကမုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် စာသင်ကျောင်း ခုနစ်ကျောင်း၊ ပြည်နယ်ဆေးရုံ၊ ဈေး၊ ဘုရားကျောင်းငါးခု၊ စစ်တပ်၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးရုံးများ ပျက်စီးခဲ့သည်။ ထို့အပြင် ကြက်ခြံတစ်ခြံ၊ ယာဉ်ခုနစ်စီးနှင့် လျှပ်စစ်ဓာတ်အားတိုင်ကိုးတိုင်၊ ၂၂ ကေဗွီ ဓါတ်အားလိုင်းများပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းဝက်ဘ်ဆိုက်လာအိုပတ္တနားသတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို